တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အာဇာနည်ဗိမာန်မှာ ကင်းပုန်းဝတ်ပြီး လာရောက်စောင့်ကြည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ ဇူလိုင် ၁၉ ရက်၊ မနက် ၁၁ နာရီ မိနစ် ၄၀ လောက်က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတပ်ဖွဲ့ (Dawei Guerrilla) က ပြောပါတယ်။
ထားဝယ်အာဇာနည်ဗိမာန်မှာ စစ်ကောင်စီက အာဇာနည်နေ့အခမ်းအနား ပြုလုပ်တာမရှိပေမယ့် အာဇာနည်နေ့အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု လာရောက်ပြုလုပ်သူတွေကို ဖမ်းဆီးဖို့ ကြိုတင်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို တိုက်ခိုက်ခံခဲ့ရတာပါ။
ထားဝယ်ပြောက်ကျားတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုပီတာက “အာဇာနည်ဗိမာန် ဝင်ပေါက်နားမှာ စစ် (-) တွေ ဆိုင်ကယ်နဲ့အထွက်ကို စောင့်ကြည့်ပြီး အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခဲ့တယ်။ စစ် (-) တွေ မိုင်းထိပြီး လဲကျသွားတာမြင်ရတယ်၊ သေဆုံးမှုအရေအတွက်တော့ မသိရသေးဘူး" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်ဟာ အာဇာနည်ဗိမာန်တဝိုက်မှာ ဇူလိုင် ၁၈ ရက်၊ ည ၁၀ နာရီလောက်ကတည်းက ကင်းပုန်းဝပ်နေကြတာဖြစ်ပြီး ထားဝယ်ပြောက်ကျားတပ်ဖွဲ့ကတော့ အဲဒီနေ့ ညနေကတည်းက ကြိုတင်မိုင်းထောင်ထားခဲ့တာလို့ သိရပါတယ်။
ထားဝယ်မြို့ခံတချို့ကတော့ ဗုံးပေါက်ကွဲသံတချက်ကြားလိုက်ရပေမယ့် အသေးစိတ်ကိုတော့ မသိရဘူးလို့ ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို ပစ်မှတ်ထားတိုက်ခိုက်မယ့် နန်းထိုက်အောင်စစ်ဆင်ရေးကို ဇူလိုင် ၁၃ ရက်က စတင်ခဲ့ပြီး အခုတိုက်ခိုက်မှုဟာ နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ ၅ ကြိမ်မြောက်တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။