DVB Logo
Home
မြန်မာသတင်း
ဒူးပလာယာခရိုင်ကို စစ်ကောင်စီက လေကြောင်းမှ အကြိမ် ၁၆၀ ကျော် တိုက်ခိုက်ခဲ့ဟု KPSN ထုတ်ပြန်
DVB
·
July 19, 2022
ဒူးပလာယာခရိုင်ကို စစ်ကောင်စီက လေကြောင်းမှ အကြိမ် ၁၆၀ ကျော် တိုက်ခိုက်ခဲ့ဟု KPSN ထုတ်ပြန်
1 / 3
Donate to DVB

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကနေ ဒီလဆန်းပိုင်းအထိ ကေအန်ယူ ဒူးပလာယာခရိုင်ကို စစ်ကောင်စီက လေကြောင်းကနေ အကြိမ် ၁၆၀ ကျော် တိုက်ခိုက်ခဲ့ပြီး ပြည်သူတွေရဲ့ အိမ်တွေ၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံ အများအပြား ပျက်စီးခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ ၈ ယောက်သေဆုံး၊ ၆၃ ယောက် ဒဏ်ရာရခဲ့ပြီး လူပေါင်း ၈၇,၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KPSN က ပြုစုထုတ်ပြန်တဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် နိုင်ငံတကာအနေနဲ့ စစ်အုပ်စုအပေါ် ပိုအားကောင်းတဲ့ စီးပွားရေး သံတမန်ရေး ဖိအားတွေပေးကြဖို့နဲ့ ဂျပန်နိုင်ငံအနေနဲ့ လက်ရှိလုပ်နေတဲ့ စီမံကိန်းတွေရပ်ဆိုင်းဖို့ကိုလည်း KPSN က တောင်းဆိုထားပါတယ်။

၂၀၁၂ ခုနှစ်မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ စစ်တပ်တို့ အပြန်အလှန်အပစ်ရပ်ခဲ့ကြပေမယ့် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အုပ်စုဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေ ခိုလှုံလာကြတဲ့ ကေအန်ယူတပ်မဟာ ၆ ဒူးပလာယာခရိုင်ထဲမှာ တင်းမာမှုတွေ စလာခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာတော့ စစ်တပ်ဘက်က အင်အားတိုးချဲ့လာခဲ့သလို လေးကော့ကော်မြို့သစ်ကို ဝင်ရောက်ရှာဖွေပြီး နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့တာကြောင့် တိုက်ခိုက်တာတွေ စတင်ခဲ့ပြီး စစ်တပ်ဘက်က လေကြောင်းကနေတိုက်ခိုက်လာခဲ့ပါတယ်။

ရန်ကုန်၊ မှော်ဘီလေတပ်က တိုက်လေယာဉ်တွေ၊ မော်လမြိုင်နဲ့ ဖားအံလေတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီဟာ ဒေါနတောင်တန်းနှစ်ဖက်ခြမ်းလုံးကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြတယ်လို့ KPSN က ဆိုပါတယ်။

သူတို့ ပြုစုထားတဲ့ စာရင်းအရ ၂၀၂၂ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ဥကရစ်ထကို ဂျက်တိုက်လေယာဉ် ၈ စီးနဲ့ ၄၉ ကြိမ်အထိ အများဆုံး တိုက်ခိုက်ခဲ့ပြီး မေလ ၁၈ ရက်နေ့က သေဘော့ဘိုးကို ဂျက်တိုက်လေယာဉ် ၄ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ ၃၈ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးတော့ ဇူလိုင် ၁ ရက်နေ့က သေဘော့ဘိုးနဲ့ ဥကရစ်ထကို ဂျက်တိုက်လေယာဉ် ၃ စီးနဲ့ ၃၁ ကြိမ်၊ ဇွန် ၃၀ ရက်နေ့က သေဘော့ဘိုးကို ဂျက်တိုက်လေယာဉ် ၈ စီးနဲ့ ၂၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၃ ရက်ကနေ အခု ဇူလိုင် ၃ ရက်နေ့အထိ အတွင်းမှာ ၂၈ ရက် လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး စုစုပေါင်း ၁၆၅ ကြိမ်ရှိပါတယ်။

ဒီတိုက်ခိုက်မှုတွေမှာ ခြေလျင်တပ်ရင်း၊ အမြောက်တပ်ရင်းနဲ့ စစ်ကောင်စီ တပ်မတွေ၊ နယ်ခြားစောင့်တပ်တွေလည်း ပါဝင်ပြီး လက်နက်ကြီးတွေနဲ့ လူနေကျေးရွာတွေကို ပစ်ခတ်တာကြောင့် အခု ဇွန်လကုန်ပိုင်းအထိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဝင်းရေးနဲ့ ကျုံဒိုးမြို့နယ်တို့က ကျေးရွာပေါင်း ၁၀၀ ကျော်မှာ လူပေါင်း ၈၇၀၀၀ လောက်ဟာ ဘေးလွတ်ရာ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

စစ်ရှောင်တွေဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံထဲမှာ ဒုက္ခရောက်နေကြရပြီး ဒီလိုအခြေအနေတွေမှာ တိုင်းရင်းသား လူမှုဝန်ဆောင်မှုဌာနတွေနဲ့ လူထုအခြေပြုအဖွဲ့တွေကတဆင့် စစ်ရှောင်တွေကို နယ်စပ်ဖြတ်ကျော်ကူညီတာတွေတိုးမြှင့်ပေးဖို့ KPSN က နိုင်ငံတကာကို တောင်းဆိုပါတယ်။

ပြီးတော့ စစ်အုပ်စုကို ဖွံ့ဖြိုးရေးအကူအညီသစ်တွေရပ်ဆိုင်းထားဖို့၊ အာရှအဝေးပြေးလမ်းမကြီးတလျှောက် တံတားဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် လက်ရှိထောက်ပံ့နေတာတွေအပါဝင်ရပ်ဆိုင်းထားဖို့ JICA ကို တောင်းဆိုပါတယ်။

စစ်အုပ်စုကိုလည်း လက်နက်နဲ့ လေယာဉ်ဆီ၊ စီးပွားရေးပိတ်ဆို့ကြဖို့၊ နိုင်ငံတကာရာဇဝတ်ခုံရုံးဆီကို လွှဲပြောင်းပေးဖို့လည်း KPSN က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013