DVB Logo
Home
မြန်မာသတင်း
တော်လှန်းရေးတွင်ပါဝင်သူများအား ဖမ်းဆီးနိုင်ရန် ခေါင်လန်ဖူးပြည်သူ့စစ်က မိဘများကို ခြိမ်းခြောက်
DVB
·
July 19, 2022
တော်လှန်းရေးတွင်ပါဝင်သူများအား ဖမ်းဆီးနိုင်ရန် ခေါင်လန်ဖူးပြည်သူ့စစ်က မိဘများကို ခြိမ်းခြောက်
Donate to DVB

ကချင်ပြည်နယ်  ပူတာအိုခရိုင်၊ စစ်ကောင်စီလက်အောက်ခံ ခေါင်လန်ဖူး ဌာနေပြည်သူ့စစ်တပ်ဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးဘက်ပါတဲ့ လူငယ်တွေကို ဖမ်းဆီးနိုင်ရေးအတွက် သတင်းပေး၊ လမ်းပြဖမ်းကူတာတွေအပြင် မိဘတွေကို အသက်အန္တရာယ် ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်ထဲထိ လာရောက်ကာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့ မိဘတဦးက “အိမ်မှာ မင်းတို့သား ဘယ်ရောက်နေတယ်ဆိုတာ သိတယ်။ မင်းတို့ပါးစပ်က နိုင်ငံရေးစကား မထွက်ကြနဲ့။ နိုင်ငံရေးစကားတွေပြောရင် မင်းတို့ပါးစပ်ထဲ သေနတ်ပြောင်းထည့်ပြီး ပစ်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ပူတာအိုမြို့နယ်အတွင်းက ကျေးရွာတွေ ကို တရွာ၀င်တရွာထွက်ကာ ရွာမှာမရှိတဲ့ လူငယ်တွေရဲ့ မိဘတိုင်းကို ခြိမ်းခြောက်ကာ လက်မှတ် ထိုးခိုင်းတယ်လို့ ခြိမ်းခြောက်ခံရတဲ့ မိဘနောက်တဦးက ပြောပါတယ်။

“ဦးလေးတို့ရွာ ၀င်လာတာက မတ်လတုန်းက။ သူတို့က ဘုရားကျောင်းမှာ ဆုတောင်းခြင်း အစီအစဉ်ရှိတယ်ဆိုပြီး ရွာခံတွေကို စုတယ်။ အားပေးစကားတွေ ပြောမယ်ပေါ့။ ဒီလိုနဲ့ သွားလိုက်မိတယ်။ ရောက်သွားတော့ မင်းရဲ့သားအတွက် လက်မှတ်ထိုး‌ပါ။  တောထဲရောက်တဲ့ လူငယ်တွေကို ပြန်ခေါ်၊ CDM ၀င်တဲ့လူငယ်တွေ ပြန်ခေါ်ကြပါ။ စစ်ကောင်စီအဖွဲ့ကို ဘယ်သူမှ မနိုင်ဘူး။ ခေတ်အဆက်ဆက် ဘယ်သူမှ မနိုင်ခဲ့ဘူးဆိုပြီး စည်းရုံး ပြောဆိုတယ်။ လက်မှတ်အတင်းထိုးခိုင်းတယ်။”

၂၀၂၁ ခုနှစ်အတွင်းမှာ ဌာနေပြည်သူ့စစ်အဖွဲ့က အသက်အရွယ်ကြီးရင့်တဲ့ လူကြီးပိုင်းတွေကို ပြည်သူ့စစ်သင်တန်း အတင်းတက်ခိုင်းခဲ့သလို ပူတာအိုခရိုင်ထဲက နောင်မွန်မြို့နယ်မှာလည်း တအိမ်တယောက် ပြည်သူ့စစ်သင်တန်း မတက်မနေရဆိုပြီး အမိန့်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင် ၁၈ က  ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့အဝင်ရွာဖြစ်တဲ့ အင်တားဂလူကျေးရွာနားမှာ  စစ်ကောင်စီတပ်သား‌တွေက ခရီးသွားတွေကို ခြိမ်း‌ခြောက်ပြီး ငွေကြေးကောက်ခံခဲ့တဲ့အပြင် ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က ပူတာအိုဘက်ကနေ ဆင်းလာတာပါ။ မနက် ၁၁ နာရီကျော်လောက်မှာ အင်တားဂလူ‌ ရွာနားကို ရောက်တော့ စစ်ကောင်စီစစ်သားတွေက ကားတွေကို လှမ်းတားပြီး ခရီးသည်တွေကို ဆင်းခိုင်းပါတယ်။ ခရီးသည်တယောက် ၁ ‌သောင်းပေးရမယ်လို့ ပြောပါတယ်။ သေနတ်ပြပြီး ခြိမ်းခြောက်တော့ ပေးလိုက်ရတယ်။” 

မြစ်ကြီးနားဘက်ကနေ တက်လာတဲ့ ခရီးသွားကားတွေကိုလည်း ရပ်ခိုင်းပြီး ပိုက်ဆံတောင်းတဲ့ အကြောင်းကို ပြည်သူတဦးက “မင်းတို့ တိုင်ချင်တဲ့နေရာတိုင်။ ပိုက်ဆံမပေးဘဲ ပေါက်ကရလုပ်ရင် သေနတ်နဲ့ပစ်သတ်မယ်လို့ ခြိမ်းခြောက်တယ်။ သေနတ်ကိုလည်း မိုးပေါ်ထောင်ပစ်တဲ့ အပြင် ကားဆရာကိုလည်း စကားများရကောင်းလားဆိုပြီး သေနတ်ဒင်နဲ့ ရိုက်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်သားတွေ ပစ်တဲ့ကျည်ထိလို့ လွင့်စဉ်လာတဲ့ သစ်သားစမှန်တဲ့ ခရီးသွား တယောက်နဲ့ ရိုက်နှက်နှိပ်စက်ခံရသူ ၅ ဦး လောက်ရှိတယ်လို့ သိရပါတယ်။

ဒေသခံတွေပြောချက်အရ အဲဒီလို ခြိမ်းခြောက်ငွေကြေးကောက်ခံတဲ့ စစ်သားတွေဟာ ပူတာအို တပ်ရင်း ၄၆ နဲ့ တပ်ရင်း ၁၃၈ ကနေ ထွက်ပြေးလာတဲ့ တပ်ပြေးတွေလို့ သိရပြီး ဗိုလ်မှူးတဦး ဦးဆောင်နေတာလို့ သိရပေမဲ့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပူတာအို-ဆွမ်ပရာဘွမ်-မြစ်ကြီးနား ကားလမ်းမကြီးမှာ ၂၀၂၂ ခုနှစ် မေလနောက်ပိုင်း စစ်ကောင်စီ စစ်သားတွေက မတရား ငွေကြေးကောက်ခံတာတွေ လုပ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013