
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာရှိတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ အလုပ်သမားတွေ စစ်မှုမထမ်းရဖို့ လာဘ်ငွေပေးနေရပေမဲ့လည်း အလုပ်သမားတွေ စက်ရုံပြင်ပ လမ်းပေါ်ထွက်ရင် ပေါ်တာဆွဲ ဖမ်းဆီးတာ ခံရမယ်လို့ စစ်တပ်က ခြိမ်းခြောက်ထားကြောင်း လုပ်ငန်းရှင်တွေက ပြောပါတယ်။
မေ ၂၁ ရက်က စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ရွှေဘိုမြို့ပေါ်က အလုပ်ရုံ၊ စက်ရုံနဲ့ ပွဲရုံတွေကို ဝင်ရောက်ပြီး အလုပ်သမားစာရင်းတွေ ကောက်ယူခဲ့သလို လုပ်ငန်းရှင်တွေဆီကနေ စစ်မှုထမ်းကြေးဆိုပြီး ငွေကြေးတောင်းခံခဲ့ပါတယ်။
ဒီလို ငွေကြေးတောင်းခံပေမဲ့ အလုပ်သမားတွေ လမ်းပေါ်ထွက်ရင် မဖမ်းဆီးပါဘူးလို့ အာမခံချက်မပေးတဲ့အပြင် တည်းခိုခန်း၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ကားဝပ်ရှော့ စတဲ့နေရာတွေကပါ အလုပ်သမားစာရင်း၊ ဧည့်စာရင်းနဲ့ အိမ်ထောင်စုစာရင်းတွေကို ကောက်ယူသွားတယ်လို့ သိရပါတယ်။
အဲဒီလို စာရင်းတွေ ကောက်ယူပြီးနောက် မေ ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာတော့ ရွှေဘိုမြို့ နေရာအနှံ့မှာ လမ်းပေါ်ထွက်လာတဲ့ အသက် ၆၀ အရွယ်အထိ အမျိုးသား အများအပြားကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်ငန်းရှင်တယောက်နဲ့ နီးစပ်သူက “စစ်ကောင်စီဘက်က အလုပ်သမားတွေကို စက်ရုံမှာပဲ ညအိပ် နေထိုင်ခိုင်းတာ။ အပြင်ထွက်ရင်တော့ ဘယ်သူ့စက်ရုံက အလုပ်သမားမှန်း သိမှာမဟုတ်ဘူးလို့ ပြောတယ်။ အလုပ်သမားအများစုက ရပ်ကွက်တွေထဲက လာလုပ်ကြတဲ့ အိမ်ထောင်သည်တွေဆိုတော့ စက်ရုံမှာ ညအိပ်ဖို့ မဖြစ်နိုင်ဘူး။ အိပ်ခန်းတွေလည်း အဆင်မပြေသေးဘူး။ စစ်မှုထမ်းကြေးပေးလည်း အပြင်ထွက်ရင် ပေါ်တာဆွဲမယ်လို့ ပြောတာနဲ့ အတူတူပဲ” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဖွဲ့တွေ ဝင်ရောက်စစ်ဆေးချိန်တိုင်း လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမား တယောက်ချင်းစီအတွက် ဘယ်လောက်ပေးရတယ်ဆိုတာ အတိအကျ မပြောပေမဲ့ ကျပ်သိန်းဆယ်ချီအထိ ပေးရတာမျိုးတွေ ရှိတယ်လို့လည်း ဆိုပါတယ်။
အလုပ်သမားတယောက်ကလည်း “မနက် အလုပ်သွား၊ ညနေ အလုပ်ပြန်ချိန်တွေမှာ စစ်ကောင်စီ လှည့်ကင်းတွေ ဘယ်လမ်းမှာ ရှိနေလဲ ဆိုတာ အရင်စုံစမ်းပြီးမှ ကွင်းရှောင်သွားနေရတယ်။ သွားရလာရတာ နောက်ကျောမလုံဘဲ စိုးရိမ်စိတ်တွေနဲ့ ရုန်းကန်နေရတယ်” လို့ သူ့ရဲ့ အခက်အခဲကို ပြောပြပါတယ်။
ရွှေဘိုမြို့မှာ စစ်တပ် အများဆုံး ပေါ်တာဆွဲလေ့ရှိတဲ့ နေရာတွေကတော့ ကားကြီးကွင်းရှေ့၊ ဟုတ်စိန်ကွေ့၊ ဆုတောင်းပြည့်ဘုရားရှေ့၊ ဈေးကြီးအနီးနဲ့ ကားဂိတ်တွေ၊ လမ်းလေးခွမီးပွိုင့်၊ ရန်ကြီးအောင်ခန်းမရှေ့လမ်းနဲ့ စက်မှုဇုန်အဝင် သက်ကယ်တန်းတံတား စတဲ့နေရာတွေ ဖြစ်ပါတယ်။
အဲဒီနေရာတွေမှာ တနာရီကျော်ကြာ စောင့်ဆိုင်းပြီး အလုပ်သွား အလုပ်ပြန် ပြည်သူတွေကို ဖမ်းဆီးလေ့ရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ ငွေနဲ့ရွေးလို့ ရသူတွေ ရှိသလို မရသူတွေလည်း ရှိနေပြီး အရင်အပတ်တွေက ဖမ်းဆီးခံရသူတွေဆိုရင် မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်နေပါတယ်။
အခုလို ဖမ်းဆီးခြိမ်းခြောက် ငွေညှစ်မှုတွေကြောင့် ရွှေဘိုမြို့ပေါ်က လူငယ်တွေနဲ့ လုပ်ငန်းရှင်တချို့ဟာ နီးစပ်ရာ ကျေးရွာတွေဆီ ပြောင်းရွှေ့နေထိုင်မှုတွေ များပြားလာပါတယ်။
ဒါကြောင့် မြို့ပေါ်က အလုပ်ရုံ၊ စက်ရုံနဲ့ ဈေးဆိုင်တွေမှာ လုပ်သားရှားပါးမှု ပြဿနာကို ကြုံတွေ့နေရသလို နယ်ဘက်ကျေးရွာတွေမှာတော့ အိမ်ခြံမြေနဲ့ အိမ်ငှားရမ်းခ ဈေးနှုန်းတွေဟာ နှစ်ဆကနေ သုံးဆအထိ မြင့်တက်သွားတယ်လို့ သိရပါတယ်။










