
ရှမ်းပြည်နယ်တောင်ပိုင်း၊ ခိုလမ်မြို့နယ်၊ ဝမ့်နန်းကျေးရွာမှာ မေ ၂၇ ရက် မနက်ပိုင်းက ဒေသခံတွေနဲ့ တွေ့ဆုံနေတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နဲ့ အဖွဲ့ကို စစ်အာဏာရှင်တပ်က တိုက်လေယာဉ်တစင်းက အနီးကပ် ပျံသန်းခြိမ်းခြောက်ခဲ့တယ်လို့ Tai Freedom က ဖော်ပြပါတယ်။
နမ့်စန်လေတပ်ကလို့ ယူဆရတဲ့ တိုက်လေယာဉ်ဟာ မေ ၂၇ ရက် မနက် ၁၀ နာရီ ၅ မိနစ်လောက်မှာ ဝမ့်နန်းကျေးရွာအနီးကို ၆ ကြိမ်တိုင် ပျံသန်းခဲ့ပြီး အစပိုင်းမှာ အကွာအဝေးနဲ့ လှည့်ပတ် ပျံသန်းခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ပိုမိုနီးကပ်လာကာ ခြိမ်းခြောက်သလို ပျံသန်းခဲ့တယ်လို့ ဒေသခံ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်ကို Tai Freedom က ပြန်လည်ဖော်ပြထားပါတယ်။
မိုင်းပန်မြို့နယ်၊ နားဝွမ်ကျေးရွာမှာ စေတီထီးတော်တင်ပွဲ ပြုလုပ်အပြီး ဝမ့်နန်းကျေးရွာကို မေ ၂၆ ရက်ကတည်းက ရောက်ရှိနေတဲ့ RCSS ဥက္ကဋ္ဌ ယွက်စစ်ကတော့ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ထားရှိထားတာကြောင့်နဲ့ အခုခရီးစဉ်ဟာ ထိန်းချုပ်နယ်မြေအတွင်း ဒေသခံ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးရေးအတွက်သာဖြစ်ပြီး စစ်ရေးပြင်ဆင်မှု တစုံတရာ မရှိတာကြောင့် စစ်အာဏာရှင်ရဲ့ လုပ်ရပ်ကို တုံ့ပြန်မှုမပြုခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်ဘက်က ကမ်းလှမ်းထားတဲ့ “ရက် ၁၀၀ ငြိမ်းချမ်းရေးစီမံချက်” နဲ့ မကိုက်ညီတဲ့ လုပ်ရပ်တွေဟာ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်စေနိုင်တယ်လို့ RCSS ဥက္ကဋ္ဌက ဖြည့်ပြောထားပါသေးတယ်။










