DVB Logo
Home
မြန်မာသတင်း
ပြင်ပငွေလဲစျေးကွက်တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၂၃၀၀ အထက် မြင့်တက်လာ
DVB
·
July 18, 2022
ပြင်ပငွေလဲစျေးကွက်တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်း ကျပ် ၂၃၀၀ အထက် မြင့်တက်လာ
Donate to DVB

နည်လမ်းစုံလာတဲ့ မြန်မာစစ်ကောင်စီရဲ့ ဒေါ်လာထိန်းချုပ်မှုနဲ့အတူ လတ်တလော ပြင်ပငွေလဲဈေးကွက်မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းက ကျပ် ၂၃၀၀ နဲ့ ၂၄၀၀ ကြားအထိ မြင့်တက်လာပါတယ်။

ပြင်ပငွေကြေးဈေးကွက်အတွင်းမှာ ကန်တဒေါ်လာကို ကျပ် ၂၄၀၀ အထိ ခေါ်ဈေးရှိနေပြီး ဈေးနှုန်း တည်ငြိမ်မှုမရှိဘဲ ကြိုက်ရောင်း၊ ကြိုက်၀ယ်ပုံစံနဲ့သာ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ အဲဒီဈေးကွက်အတွင်းက စုံစမ်းသိရပါတယ်။

စစ်ကောင်စီက အခုရက်ပိုင်းအတွင်း ထုတ်ပြန်လာတဲ့ နိုင်ငံခြားငွေကြေးမူဝါဒဆိုင်ရာ  ညွှန်ကြားချက်တွေကြောင့်  ပြင်ပငွေလဲစျေးကွက်မှာ တဒေါ်လာကို ၂၂၀၀ ၀န်းကျင်မှာ ငြိမ်နေတဲ့ ဒေါ်လာငွေလဲနှုန်းက ရုတ်တရက် မြင့်တက်လာခဲ့တာပါ။

စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ တရားဝင်ရည်ညွှန်းငွေလဲနှုန်း တဒေါ်လာ ၁၈၅၀ကျပ် နဲ့  ပြင်ပဒေါ်လာပေါက်စျေးဟာ ကျပ် ၅၀၀ ၀န်းကျင်ထိ ကွာဟချက်ရှိလာပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာကျပ်ငွေ တန်ဖိုးထိုးကျပြီး ပြည်တွင်း ဒေါ်လာငွေလဲနှုန်း မြင့်တက်နေတာကို ထိန်းချုပ်ဖို့ ရည်ရွယ်ပြီး စစ်ကောင်စီဟာ ပြင်ပပေါက်ဈေးထက်နည်းတဲ့ တဒေါ်လာကို ၁၈၅၀ ကျပ်နှုန်းနဲ့ ငွေလဲနှုန်းကို နှုန်းသေ သတ်မှတ်ခဲ့ပါတယ်။

အဲဒီနှုန်းထားတဲ့ ကုမ္ပဏီတွေရဲ့ နိုင်ငံခြားသုံးငွေ စာရင်းတွေထဲက ဒေါ်လာတွေကို မြန်မာကျပ်ငွေ မဖြစ်မနေ လဲရမယ်ဆိုတဲ ညွှန်ကြားချက်ကို စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ မကြာသေးခင်က ထုတ်ပြန်ခဲ့ပြီး ပြည်တွင်းက ဒေါ်လာငွေတွေ ပြည်ပစီးထွက်မှုကို တင်းကျပ်တဲ့အနေနဲ့လည်း ပြည်တွင်းမှာ နေထိုင်သူတွေ ရယူထားတဲ့ ပြည်ပချေးငွေတွေကို ပြန်မဆပ်စေဘဲ ဆိုင်းငံ့ထားဖို့ကိုလည်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ရက်ပိုင်းက စာထုတ်ခဲ့ပါတယ်။

မြန်မာစစ်ကောင်စီရဲ့ အဲဒီဒေါ်လာငွေထိန်းချုပ်မှု နည်းလမ်းတွေက ပြည်တွင်း ဒေါ်လာ ရှားပါး ပြတ်တောက်မှုကို ပိုဆိုးလာစေတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။  ဒေါ်လာ ရှားပါးမှုနဲ့အတူ ဒေါ်လာငွေလဲနှုန်းကိုလည်း ပိုမိုမြင့်တက်လာစေနိုင်တယ်လို့ သုံးသပ်ထားကြတာပါ။

လက်တလောမှာ ဒေါ်လာငွေလဲနှုန်းအပြင် ပြည်တွင်းရွှေစျေးကလည်း တကျပ်သားကို ၂,၁၀၀,၀၀၀ ကျပ်အထိ ပြန်လည်တက်ရိပ်ပြလာပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ မတည်ငြိမ်မှုတွေ၊ မြင့်တက်နေတဲ့ အထွေထွေကုန်စျေးနှုန်းတွေ အလုပ်အကိုင်ရှားပါးမှု၊ ၀င်ငွေလျော့နည်းကျဆင်းပြီး လူနေမှုစရိတ် မြင့်တက်မှုတွေကို ပြည်တွင်းမှာ နေထိုင်သူအများစုက ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013