
စစ်ကိုင်းတိုင်း ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက်မှာ နေထိုင်တဲ့ ဦးသူရကျော်ကို စစ်ကောင်စီ တပ်က ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့သူတဦးက "ဦးသူရကျော်ကို ကလေးမြို့ ဒေသကွက်ကဲမှု စစ်ဌာနချုပ်(ဒကစ)ကို ဖမ်းသွားတယ်။ မိသားစုနဲ့အဆက်အသွယ် မရသေးဘူး"လို့ ပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာပေါ် မဟုတ်မမှန်သတင်းတွေတင်ပြီး အကြမ်းဖက်အဖွဲ့ကို ထောက်ခံရေးသားထားကြောင်း သိရှိရတာကြောင့် သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာမှာ ရေးသားထားပါတယ်။
ဇွန် ၂၇ ရက်ကလည်း ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်က ဦးစောကျော်နိုင်နဲ့ ဦးဇော်လင်း၊ ဇွန် ၁၅ ရက်က ကိုညီညီမင်းနဲ့ ကိုနေမျိုးသူ၊ ဇွန် ၉ ရက်က ထွန်းဆေးခန်းပိုင်ရှင် ကိုဖိုးတုတ်၊ ဇွန် ၃ ရက် တာဟန်းရပ်ကွက်နေသူ ကိုလာနွန်မောနဲ့ မေ ၂၁ ရက်က တောင်ဖီလာရပ်ကွက်နေ ကိုမြင့်သူဝင်းတို့ကို PDF၊ PDF ထောက်ပံ့သူ၊ လက်နက်ဝယ်သူလို့ ဆိုပြီး ခေါင်းစဉ် အမျိုးမျိုးတပ်ကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
လက်တလောမှာတော့ စစ်ကောင်စီတပ်ဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် စစ်ဆေးနေတဲ့အပြင် ကလေးမြို့နယ် တောင်ပိုင်းမှာလည်း သာလွန်အင်အားသုံးကာ မြေပြင်ဝေဟင် ထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကလေးမြို့မှာတော့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၅၀၀ လောက်နဲ့ ပစ်သတ်ခံရသူ ၁၀၀ ကျော်နေပြီလို့ သပိတ်အဖွဲ့ စစ်တမ်းအရ သိရပါတယ်။