DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ရွှေဘိုနှင့် ဝက်လက် တောင်သူများ စပါးမစိုက်နိုင် ဖြစ်နေ
DVB
·
July 18, 2022
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေမှုကြောင့် ရွှေဘိုနှင့် ဝက်လက် တောင်သူများ စပါးမစိုက်နိုင် ဖြစ်နေ
Donate to DVB

ဆန်စပါးအများအပြားစိုက်ပျိုးတဲ့ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် တောင်သူအတော်များများ စပါးမစိုက်ပျိုးနိုင်ကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းမရှိတဲ့နေရာအချို့မှာသာ စိုက်ပျိုးကြပြီး စစ်ကြောင်းရှိရာ နေရာတွေမှာ မစိုက်ပျိုးနိုင်ကြကြောင်း၊ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့အန္တရာယ်ကို ကြောက်ပြီး ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေတာကြောင့် လယ်မစိုက်ဖြစ်ကြသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

Shwebo Daily News သတင်းပြန်ကြားရေးတာဝန်ခံက “အရင်က ပုံမှန် ဆန်စပါး အထွက်များဆုံး ခရိုင်ပါပဲ။ ဒါပေမဲ့ ပြည်သူတွေ စစ်ဘေးရှောင်ရ၊ ထွက်ပြေးနေကြရတော့ တောင်သူလုပ်နိုင်တဲ့သူ မရှိသလောက်ဖြစ်ကြပြီး စစ်ကောင်စီကို ထောက်ခံသူတွေ စစ်တပ်နဲ့ ပျူစောထီးတို့ရဲ့ လုံခြုံရေးအရယူပြီး သူတို့ပဲ တောင်သူလုပ်ခွင့် ရနေတာပါ၊ စစ်တပ် မထောက်ခံသူတွေက တောင်သူလုပ်ခွင့် မရှိသလောက် ရှားပါတယ်။ စိုက်ပျိုးသူ အရမ်းနည်းပါးသွားပါတယ်။ အထူးသဖြင့် စစ်တပ် စိုးမိုးတဲ့ နေရာတွေမှာ အရမ်းကို နည်းပါးပါတယ်” လို့ ပြောပါတယ်။

အလားတူ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာလည်း စစ်တပ်စစ်ကြောင်းထိုးတဲ့ ကျေးရွာတွေမှာ စပါးစိုက်ပျိုးသူ ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တချို့ကျတော့လည်း လုံးဝမစိုက်တာတွေရှိတယ်၊ ဖျက်ဆီးခံရမှာ ကြောက်တာတွေ ရှိတယ်။ တချို့ကျတော့လည်း အိမ်မရှိအုံးတော့ စားဖို့သောက်ဖို့ရှိရင် အဆင်ပြေပြီဆိုပြီး စပါးနဲ့ ပဲလေးတွေ စိုက်တာရှိတယ်ဗျ။ ၅၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်ဗျ။”

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးရာတလျှောက်က ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာတွေကြောင့် ဒေသခံတောင်သူအချို့အနေနဲ့ လယ်ကွက်ကို အငှားထားခဲ့ပြီး တခြားဒေသကို ပြောင်းရွှေ့နေထိုင်မှုတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

“တချို့ကျလည်း နေရာပြောင်းသွားတာတွေရှိတယ်။ မန္တလေးဘက် ပြောင်းသွားလို့ ဒီလယ်ကွက်ကို လုပ်မယ့်လူကို ၃ ပုံ ၁ ပုံပေးဆိုပြီးတော့ ထားခဲ့တဲ့လူနဲ့ လယ်ကွက်ကို အငှားထားတဲ့လူနဲ့ အဲဒီလိုမျိုး ထားခဲ့တဲ့လူ ရှိတယ်။ တော်တော်များများတော့ အဲဒီလိုလုပ်ကြတာချည်းပါပဲ။ ဒီမှာက လုံးဝ တခါလာရင် တခါ ဖျက်ဆီးခံရ၊ မီးရှို့ခံရနဲ့ဆိုတော့ ငြိမ်တဲ့ ဥပမာ မန္တလေးလိုဟာမျိုး၊ မြို့နယ် အဆက်အနွယ်ငြိမ်တဲ့နေရာတွေ ပြောင်းကြတာများတယ်ဗျ” လို့ ဝက်လက်ဒေသခံက ပြောပါတယ်။

ရွှေဘိုမြို့နယ်မှာ အသားတင်စိုက်ပျိုးမြေ ၁၉၄,၂၂၂ ဧရိယာရှိတဲ့အနက် လယ်မြေက ၁၁၆,၉၈၇ ဧကရှိပြီး တနှစ်ကို စပါး ၁၇,၂၀၀,၀၀၀ တင်းကျော်ထွက်လေ့ရှိပါတယ်။ ဝက်လက်မြို့နယ်မှာတော့ အသားတင်စိုက်ပျိုးမြေ ၂၅၂,၄၀၅ ဧကရှိတဲ့အနက် လယ်မြေက ၁၄၇,၈၇၇ ဧက ရှိပြီး တနှစ်ကို စပါး ၁၄,၆၈၉,၅၂၂ တင်းထွက်လေ့ရှိတယ်လို့ ၂၀၂၀ ပြည့်နှစ်က ထုတ်ပြန်ထားတဲ့ ဝက်လက်မြို့နယ်ဒေသဆိုင်ရာအချက်အလက်တွေအရ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေဘိုနဲ့ ဝက်လက်မြို့နယ်တို့မှာ တလကို ၃ ကြိမ်လောက် စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းတကြိမ်ထိုးပါက တပတ်လောက် ကြာလေ့ရှိကြောင်း၊ စစ်ကြောင်းထိုးရာမှာ ကျေးရွာတွေကို မီးရှို့တာ၊ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013