DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် အရပ်သား ၃၀ ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲထား
DVB
·
July 17, 2022
ရခိုင်တွင် အရပ်သား ၃၀ ကို စစ်ကောင်စီက ပုဒ်မ ၅၀၅ အပါအဝင် ပုဒ်မအချို့ဖြင့် တရားစွဲထား
Donate to DVB

ရခိုင်ပြည်နယ်မှာ ဇွန်လအတွင်းက စစ်ကောင်စီတပ်ဖွဲ ၁၆ ဦးကို ရက္ခိုင့်တပ်တော်(အေအေ)က ဖမ်းဆီးပြီးနောက် စစ်ကောင်စီက အရပ်သား ၁၀၀ နီးပါးကို ဖမ်းဆီးကာ အယောက် ၃၀ ကို နိုင်ငံတော်ဆူပူမှု ဥပဒေပုဒ်မ  ၅၀၅ အပါဝင် ပုဒ်မတချို့နဲ့ စစ်ကောင်စီက တရားစွဲဆိုထားတယ်လို့ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထားသူတွေထဲမှာ နိုင်ငံတော်ဆူပူမှု ဥပဒေပုဒ်မ ၅၀၅ နဲ့ စစ်တွေမြို့နယ်က ၉ ဦး၊ မြောက်ဦးမြို့နယ်က ၈ ဦး၊ ကျောက်တော်မြို့နယ်က ၃ ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်က ၃ ဦး၊ ကျောက်ဖြူမြို့နယ်က ၂ ဦးတို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်က နောက်ထပ် ၃ ဦးကို ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှု ဥပဒေပုဒ်မ ၃၃၃/၁၄၄ တို့နဲ့  တရားစွဲဆိုထားတယ်လို့ နိုင်ငံရေး အကျဥ်းသားဟောင်း စာရေးဆရာဝေဟင်အောင်က ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း အသက်မပြည့်သေးတဲ့ ကလေး ၂ ဦးကိုလည်း  ခြေချုပ်မှုနဲ့တရားစွဲဆိုထားတယ်လို့ မိသားစုဝင်တွေ ပြောပါတယ်။

စစ်ကောင်စီက လက်ရှိမှာ ငြိမ်ချမ်းရေးလို့ စကားတွေပြောနေရင် ငြိမ်ချမ်းရေးအလုပ်ကိုလည်း လုပ်သင့်ပြီး ပြည်သူတွေကို ဝန်ထုတ်ဝန်ပိုးတွေလည်း မဖြစ်စေရဘူးလို့ စာရေးဆရာ ဝေဟင်အောင်က ပြောပါတယ်။

"ငြိမ်ချမ်းရေးလို့ စကားတွေပြောလာရင် ငြိမ်ချမ်းရေး အလုပ်ကို လုပ်ပြပေးဖို့လိုအပ်တယ်။ ပြည်သူကို ဝန်ထုတ်ဝန်ပိုးတွေ မဖြစ်စေရဘူး။ တော်လှန်ရေး လုပ်တာဖြစ်ဖြစ်၊ နိုင်ငံရေးလုပ်တာဖြစ်ဖြစ် ပြည်သူတွေကို ကောင်းစားစေချင်လို့ လုပ်ကြတာဖြစ်တယ်။ ပြည်သူကို ကောင်းစားစေချင်တဲ့ ဆန္ဒရှိရင် ပြည်သူကို ဝန်ထုတ်ဝန်ပိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ မြင်တယ်။"

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့သူတွေဟာ သာမန်အရပ်သားတွေသာဖြစ်ကြပြီး သူတို့မှာ ဘာအပြစ်မှ မရှိတာကြောင့် ပြန်လွှတ်ပေးစေချင်တယ်လို့ ပုဏ္ဏားကျွန်းမြို့က ဖမ်းဆီးခံထားရတဲ့ ကိုဘလှိုင်ရဲ့ မိသားစုဝင်တဦးက ပြောပါတယ်။

"အခုတရားစွဲခံထားရသူတွေက သာမန်အရပ်သားတွေပါ။ သူတို့က ဘာလက်နက်ကိုင် ဘာနိုင်ငံရေးမှလည်း လုပ်နေကြတာမဟုတ်ဘူး။ အရပ်သားတွေကို အပြစ်မရှိ အပြစ်ရှာပြီး တရားစွဲဆိုထားတာက လုံးဝ မတရားဘူး။ သူတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်။" 

အရပ်သားတွေကို အထောက်အထားမခိုင်လုံဘဲ ဖမ်းဆီးချုပ်နှောင်းပြီး တရားစွဲဆိုနေတာတွေက မတရားမှုတွေဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူအခွင့်ရေး ကြေညာစာတန်းတွေကိုလည်း ချိုးဖောက်နေတာလို့ ရခိုင်လူအခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

"အရင်ကလည်း အရပ်သားပြည်သူတွေကို အထောက်အထားမခိုင်လုံဘဲ ဖမ်းဆီးပြီး နှစ်ရှည်ကြာ တရားစွဲခဲ့တာတွေရှိခဲ့တယ်။ အခုလည်း အထောက်အထားမခိုင်လုံဘဲ ဖမ်းဆီးပြီး တရားစွဲဆိုနေတာတွေက မတရားမှုတွေဖြစ်တယ်။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတန်းကိုလည်း ချိုးဖောက်နေတာဖြစ်တယ်။" 

ရခိုင်ပြည်နယ်က ဖမ်းဆီးတရားစွဲဆိုထားသူတွေကို သက်ဆိုင်တဲ့ မြို့နယ်အသီးသီးတွေမှာ ရုံးတင်ပြီး စစ်ဆေးဖို့ စစ်ကောင်စီက လုပ်ဆောင်နေတာတွေရှိပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း စစ်တွေမြို့နယ်က အရပ်သား ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး မှောင်ရိပ်ခိုမှုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013