DVB Logo
Home
မြန်မာသတင်း
မြိုင်မြို့နယ် ဌေးအောင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံး
DVB
·
July 15, 2022
မြိုင်မြို့နယ် ဌေးအောင်ကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး၊ အိမ်ခြေ ၁၀၀ ခန့် ဆုံးရှုံး
Donate to DVB

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဌေးအောင်ကျေးရွာကို ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေ ၁၀၀ လောက် မီးလောင်ဆုံးရှုံးကာ အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဇူလိုင် ၁၂ ရက်နေ့ မနက်ပိုင်းမှာ ပုလဲမြို့နယ် ရွာသစ်(တောင်)ရွာဘက်က တောထဲဝင်မွှေကာ အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ပစ်သတ်ကာ ဌေးအောင်ကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး ညအိပ် စခန်းချခဲ့ကြတယ်လို့ ဌေးအောင်ကျေးရွာ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ရွာထဲမှာရှိတဲ့ နေအိမ်တွေကို ဖောက်ထွင်းဝင်ရောက်ပြီး စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပြည်သူတွေ မွေးမြူထားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ကာ ဇူလိုင် ၁၃ ရက် မနက် ၆ နာရီလောက်မှာ မီးစရှို့ကြတာလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ရွာမြောက်ပိုင်းကနေ တောင်ပိုင်းအထိ မီးစရှို့ပြီး တလမ်းဝင်တလမ်းထွက် မီးရှို့ဖျက်ဆီးခဲ့ကြလို့ အိမ်ခြေ ၇၈ လုံး ပြာကျခဲ့ကာ မီးလောင်တဲ့အိမ် ၁၀၀ လောက်ရှိပြီး တခြား အဆောက်အဦတွေနဲ့ဆိုရင် ၁၃၀ လောက် မီးလောင်ခဲ့တယ်လို့ ပြောပါတယ်။

ဌေးအောင်ကျေးရွာ ဒေသခံက “ဒီကောင်တွေက ကြွက်မနိုင် ကျည်မီးနဲ့ရှို့တဲ့ သဘောပဲ။ ပြည်သူကို ဒုက္ခပေးလိုက်ရင် တော်လှန်ရေးအဖွဲ့တွေက တနည်းနည်းနဲ့ နောက်ဆုတ်မလားလို့ တွေးပြီး ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးကြတာပါ။ မီးမလောင်ခဲ့တဲ့အိမ်တွေမှာ အဝတ်တွေပုံတယ်။ လောင်စာတွေပုံတယ်။ ရွာထဲမှာရှိတဲ့ စက်တွေက လောင်စာဆီတွေ ဖောက်ပြီး နေအိမ်အတွင်းထဲထိ ဖောက်ထွင်းဝင်ရောက်ကာ မီးတုတ်တွေနဲ့ မီးရှို့ဖျက်ဆီးခဲ့ကြတာ။ စစ်(...)စစ်ကြောင်းထိုးလာပြီလို့ အနီးကပ်သတင်းရတော့ အိမ်ခြေ ၂၀၀ လောက်က ဒေသခံပြည်သူတွေအားလုံးဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပါတယ်။ အနီးကပ်မှ သတင်းရလို့ သက်ကြီးရွယ်အိုတွေဆိုရင် တအားအခက်အခဲဖြစ်တာပေါ့။ တချို့ဆိုရင် လှည်းနွားမရှိ၊ ဆိုင်ကယ်မရှိ၊ ကားမရှိတော့ နောက်ပိုင်းကျမှ ရအောင် ကယ်ထုတ်ခဲ့ရတယ်။ တိမ်းရှောင်တဲ့နေရာတွေမှာတော့ ပြည်သူအချင်းချင်း အစားအသောက်တွေ ကျွေးမွေး ကူညီကြပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း မရှိတော့ဘူးလို့ သတင်းရတဲ့အတွက် ဇူလိုင် ၁၃ ရက် မနက် ၉ နာရီကျော်လောက်မှာပဲ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရွာအတွင်း ဝင်ရောက်ပြီး မီးငြှိမ်းသတ်ပေးခဲ့ကြသလို အနီးအနား ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေကလည်း ဒီနေ့ ဇူလိုင် ၁၅ ရက် မနက်ပိုင်းမှာ မီးလောင်စာတွေကို ဝိုင်းဝန်းရှင်းလင်းပေးနေကြတယ်လို့ ဆိုပါတယ်။

မီးဘေးသင့်ပြည်သူတွေဟာ နေစရာအိမ် မရှိတော့လို့ တောထဲက တဲတွေမှာ ကပ်နေကြရသလို တချို့ကတော့ မီးမလောင်တဲ့အိမ်တွေမှာ ခဏဝင်ကပ်နေကြရပါတယ်။ မီးဘေးသင့် ပြည်သူတွေအတွက် အမိုး၊ အကာ၊ အဝတ်အထည်၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေ အရေးပေါ် အကူအညီ လိုအပ်နေလို့ ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ တတ်နိုင်သရွေ့ ထောက်ပံ့လှူဒါန်းပေးကြဖို့ မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီးကတော့ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ မပြုလုပ်ဘူးလို့ သတင်းစာရှင်းလင်းပွဲတွေမှာ အမြဲတမ်း ငြင်းဆိုလေ့ရှိသလို PDF တွေကသာ ရွာတွေကို မီးရှို့ဖျက်ဆီးတာလို့ စွပ်စွဲပြောဆိုလေ့ ရှိပါတယ်။

မကွေးတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ မေ ၃၁ ရက်အထိ အိမ်ခြေ ၃,၀၅၅ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ကြပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အိမ်ခြေပေါင်း ၁၈,၈၈၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data For Myanmar က ဇွန် ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013