DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်ကြုံ
DVB
·
July 14, 2022
ပခုက္ကူမြို့နယ်တွင် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်ကြုံ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ စိုင်ဖြူကျေးရွာကို စစ်ကောင်စီတပ်က အကြမ်းဖက် မီးရှို့သွားတာကြောင့်  ဒေသခံရွာသား ၅၅၀ ကျော် တောထဲမှာ ​ရှောင်တိမ်းနေရပြီး စားနပ်ရိက္ခာတွေ မလုံလောက်တဲ့  အခက်အခဲနဲ့ကြုံတွေ့နေကြရပါတယ်။

စစ်ဘေးရှောင်ရွာသားတွေဟာ တောထဲမှာ အမိုးအကာမရှိဘဲ ၁၀ ရက်ကျော် နေထိုင်နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပါတာကြောင့် စားနပ်ရိက္ခာအဓိကလိုအပ်နေကာ ရေသောက်ပြီး အိပ်ရတဲ့ညတွေ ရှိတယ်လို့ စိုင်ဖြူရွာသားတယောက်က ပြောပါတယ်။

စစ်​ရှောင်နေရတဲ့ စိုင်ဖြူရွာသားတယောက်က “အခုလောလောဆယ် စားဖို့အရေးက ခက်ခဲနေတာပေါ့၊ နေရေးကလည်း ခက်ခဲတယ်လေ။ စစ်ကြောင်းက ထိုးလိုက်တော့လည်း ယူဖို့အချိန်မရှိဘူးလေ။ မီးထဲပါတော့ ယူချိန်လည်း မရတဲ့အတွက်ပေါ့။ အခုလောလောဆယ်တော့ ပါလာတဲ့သူဆီက နည်းနည်းပါးပါး မျှစားနေရတာပေါ့။ တနေ့မှတနပ်၊ တခါတလေတော့လည်း ရေသောက် ဗိုက်မှောက်နေရတာပေါ့” လို့ ပြောပါတယ်။

ဒေသခံစစ်ရှောင်တွေဟာ တောထဲမှာ အမိုးအကာမရှိဘဲ သစ်ပင်ကြားတွေထဲမှာ ဝင်အိပ်နေရတယ်လို့ ဆိုပါတယ်။

စိုင်ဖြူရွာကနေ စစ်​ရှောင်နေရတဲ့ ရွာသားတွေ ရွာထဲကို ပြန်မဝင်နိုင်ကြသေးဘဲ ရွာထဲ ပြန်ဝင်ရင်လည်း နေစရာအိမ် မရှိတော့သလို အိမ်ရှိသူတွေကလည်း အကုန်မီးရှို့ခံထားရတာကြောင့် ရွာထဲပြန်ဝင်လို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။

အနီးအနားရွာကသူတွေလည်း စစ်ဘေးသင့်သူတွေမို့ စိုင်ဖြူရွာက စစ်ရှောင်ရွာသားတွေကို မကူညီနိုင်ဘဲ စားနပ်ရိက္ခာတွေ ကုန်သွားရင် စားဖို့မရှိတော့ဘူးလို့ ပြောပါတယ်။

နေအိမ် ၁၂၈ လုံးရှိတဲ့ စိုင်ဖြူရွာကို စစ်ကောင်စီတပ်က ဇူလိုင် ၈ ရက်မှာ ဝင်ရောက်မီးရှို့တာကြောင့် နေအိမ် ၂၂ လုံး မီးလောင်ဆုံးရှုံးပြီး ရွာသား ၅၅၀ လောက် တောထဲမှာ စစ်ရှောင်နေရတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်တွေက မြန်မာနိုင်ငံအနှံ့ ကျေးရွာတွေကို ဝင်ရောက် မီးရှို့ဖျက်ဆီး၊ ရွာသားတွေကို  ဖမ်းဆီးနှိပ်စက်သတ်ဖြတ် အကြမ်းဖက်မှုတွေ  ဆက်တိုက်ကျူးလွန် နေတာဖြစ်ပြီး မီးရှို့ခံရတဲ့ လူနေအိမ်ပေါင်း သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013