DVB Logo
Home
မြန်မာသတင်း
ဘီးလင်းတွင် ဖမ်းဆီးခံရသည့် ဈေးသည် ၃ ဦး မိသားစုနှင့် အဆက်အသွယ်မရ
DVB
·
July 14, 2022
ဘီးလင်းတွင် ဖမ်းဆီးခံရသည့် ဈေးသည် ၃ ဦး မိသားစုနှင့် အဆက်အသွယ်မရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကနေ မွန်ပြည်နယ်၊ ဘီးလင်းမြို့ကို ကားနဲ့ ဈေးသွားရောင်းတဲ့ ဈေးသည်အမျိုးသား ၃ ‌ယောက် ဖမ်းဆီးခံပြီး ၂ လနီးပါးကြာတဲ့အချိန်ထိ မိသားစုတွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၆ ရက် ညနေ ၄ နာရီလောက်က ၆ နှစ်အရွယ် ကလေးငယ် ၁ ယောက် အပါအဝင် ဈေးသည် ၆‌ ယောက်ဟာ ဘီးလင်းမြို့ မိကျောင်းအိုင်ကျေးရွာအတွင်း လိုက်ထရပ်ကားနဲ့ စောင်၊ ခြင်ထောင်၊ ကော်ဇောအခင်း စတာတွေ သွားရောင်းချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။

ဒီနောက် ည ၇ နာရီလောက်မှာ ၆ နှစ်အရွယ် ကလေး ၁ ယောက်၊ အသက် ၁၅ နှစ်အရွယ် အမျိုးသား ၁ ယောက်နဲ့ အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီး ၁ ယောက်တို့ကို ပြန်လွှတ်လိုက်ပြီး ကျန်အမျိုးသား ၃ ယောက်ကို ဆက်လက်ဖမ်းဆီးထားတာ လက်ရှိအချိန်အထိ အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တဦးက ပြောပါတယ်။

ဖမ်းဆီးခံထားရသူ ၃ ယောက်ဟာ ယင်းမာပင်မြို့နယ် မောက်လုပ်ကျေးရွာနေ ဦးဆန်းလင်း၊ ဆားလင်းကြီးမြို့နယ်၊ မတောင်တကျေးရွာမှ ဦးမင်းထိုက်နဲ့ ညောင်ပင်တိုကျေးရွာမှ ဦးသန်းမြင့်မိုးတို့ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ ၁၅ နှစ်အရွယ် အမျိုးသားက “ကျနော်တို့ မိကျောင်းအိုင်ကျေးရွာ အဝင်မှာ အမျိုးသမီး ၃ ဦးကို တွေ့လို့ ရွာထဲ ဈေးဝင်ရောင်းလို့ရလားမေးပြီးမှ ဝင်ရောင်းတာပါ။ ရွာထဲရောက်တော့ ကိုယ့်ပစ္စည်းကိုယ်ယူပြီး တအိမ်ချင်းစီ လိုက်ရောင်းနေချိန် ဖမ်းခံရတာ။ နှစ်ထပ်ပျဉ်ထောင်အိမ်တွေရဲ့ အောက်ကနေ သေနတ်တွေကိုင်ပြီး လူတွေထွက်လာတာ။ ၁၁ ယောက်နီးပါးရှိတယ်။ အကုန်လုံး မောင်းပြန်သေနတ်တွေနဲ့ပဲ။ ပြောက်ကျားဘောင်းဘီ အရှည်ကို ဝတ်ထားတယ်။ အပေါ်ကတော့ အရပ်ဝတ်တွေနဲ့ပဲ။ ကျနော်တို့ကိုဖမ်းပြီး ရွာအနောက်က တောင်ပေါ်ကို ခေါ်သွားတယ်။ တောင်ပေါ်ရောက်တော့ သေနတ် ၁ ချက်ပစ်တယ်။ ပြီးတော့ သူတို့ခေါင်းဆောင်ဆိုတဲ့လူ ရောက်လာပြီး ကျနော်တို့ကို ဘယ်ကလာတာလဲ၊ အဖေ အမေ နာမည်တွေ အကုန်မေးပြီး ည ၇ နာရီလောက်ကျတော့ ကျနော်တို့ ၃ ယောက်ကို ပြန်လွှတ်ပေးပါတယ်။ မင်းတို့ကိုတော့ ယုံတယ်၊ ကျန်တဲ့လူတွေတော့ မယုံဘူး၊ မင်းတို့ ကားမောင်းတတ်ရင် ကားပြန်မောင်းသွားလို့ ပြောပါတယ်။ ကျနော်တို့ တယောက်မှ ကားမမောင်းတတ်ဘူးလို့ ပြောတော့ သူတို့ဆိုင်ကယ်ကို ကာဗာတွေ ရိုက်ချိုးပြီး ကျနော်တို့ကို ပေးလိုက်တယ်။ ဒီအကြောင်းကို ဘယ်သူမှ မပြောနဲ့၊ ဒီလမ်းကိုလည်း ဘယ်သူမှ မပြောနဲ့လို့ မှာလိုက်တယ်” လို့ ပြောပါတယ်။

အဆိုပါ အမျိုးသား ၃ ဦး ဖမ်းဆီးခံလိုက်ရပြီး ၁၁ ရက်မြောက်နေ့မှာ ဖုန်း call တခုဝင်လာပြီး ပိုက်ဆံ ၁၅ သိန်းပေးရင် ဖမ်းဆီးထားတဲ့လူတွေ လွှတ်ပေးမယ်လို့ ပြောတာကြောင့် အိမ်ဝိုင်းပေါင်နှံကာ လွှဲပေးလိုက်တယ်လို့ ဖမ်းဆီးခံရတဲ့ ကားပိုင်ရှင်​ရဲ့ အမျိုးသမီးက ပြောပါတယ်။

“ပိုက်ဆံ ၁၅ သိန်းပေးရင် ဖမ်းဆီးထားတဲ့လူတွေ ပြန်လွှတ်ပေးမယ်လို့ ကျမကို ပြောပါတယ်။ ဘယ်သူလဲမေးတာ မဖြေပါဘူး။ အမျိုးသားနဲ့ ပေးပြောဖို့ ပြောပေမဲ့ မရပါဘူး။ တကယ်လို့ သူတို့တောင်းတဲ့ပိုက်ဆံ မပေးရင် ဖမ်းထားတဲ့လူတွေကို တခါတည်းတော့ မသတ်ပါဘူး၊ ရှေ့တန်းပို့မယ်လို့ ပြောပါတယ်။ ကားထဲမှာပါတဲ့ ကျမ မှတ်ပုံတင်နံပါတ်ပြောရင် ပိုက်ဆံပေးမယ်ဆိုတော့လည်း မှတ်ပုံတင်နံပါတ် မပြောနိုင်ဘူး။ လူချင်းတွေ့ပြီး အလဲအလှယ်လုပ်ဖို့ ကျမတယောက်တည်း လာခဲ့ပါ့မယ် ပြောတာလည်း မရပါဘူး။ နောက်ဆုံး အိမ်ဝိုင်းပေါင်ပြီး ပိုက်ဆံ ၁၅ သိန်း လွှဲပေးလိုက်ပါတယ်။ ဒါပေမဲ့ ပြန်မလွှတ်ပေးပါဘူး။”

အမျိုးသား အဖမ်းခံရတာ ၂ လပြည့်တော့မှာဖြစ်ပြီး အဆက်အသွယ်မရတာကြောင့် မိသားစုအားလုံး စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။

“အရမ်းကို ခံစားရပါတယ်။ ကျမမှာ အမေအိုနဲ့ ကလေးတယောက်နဲ့ အခုဆိုရင် အကြွေးတွေကလည်း အများကြီး၊ ဘာလုပ်ရမှာလဲ မသိတော့ဘူး။ ကိုယ့်ယောကျ်ားကို ပြန်လွှတ်ပေးရင် ပြီးရောဆိုတဲ့စိတ်နဲ့ ဘယ်သူဘာပြောပြော ပိုက်ဆံကိုလွှဲပေးခဲ့တယ်။ သူတို့ပြောတော့ ၂ ရက် ၃ ရက်နေရင် ပြန်လွှတ်ပေးမယ်ဆိုပြီး အခု ဘာဖြစ်လို့ ပြန်မလွှတ်တာလဲ၊ သူတို့မှာ ဘာအပြစ်ရှိလို့လဲ၊ အပြစ်ရှိရင် ပွ့င်ပွင့်လင်းလင်းပြောပါ” လို့ ကားပိုင်ရှင်ရဲ့ အမျိုးသမီးက ပြောပါတယ်။

အဆိုပါအမျိုးသား ၃ ဦးကို ဘယ်အဖွဲ့အစည်းက ဖမ်းဆီးတယ်ဆိုတာ မသိရသေးသလို ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာလည်း မသိရသေးပါဘူး။

လက်ရှိအချိန်မှာ ဘီးလင်းမြို့ မိကျောင်းအိုင်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူတွေဟာ ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ဘီလင်းမြို့နယ်အတွင်းမှာ ဇွန် ၁၇ ရက်နေ့မှ ဇူလိုင် ၁ ရက်နေ့အထိ နှစ်ပတ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာမှ ဒေသခံပြည်သူ ၂၀ ဦးကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013