DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ကလေးများအတွက် ပညာရေးအခွင့်အလမ်း (သို့) နွေဦးဂုရုလေးများ ပညာရေးစင်တာ
DVB
·
July 14, 2022
စစ်ဘေးရှောင် ကလေးများအတွက် ပညာရေးအခွင့်အလမ်း (သို့) နွေဦးဂုရုလေးများ ပညာရေးစင်တာ
1 / 28
Donate to DVB

ကရင်နီပြည်နယ်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ မကြာခဏ တိုက်ခိုက်ခြင်းခံရတဲ့၊ နေအိမ်၊ ကျေးရွာတွေကို မကြာခဏ မီးရှို့ခံရတဲ့ ဒေသတွေထဲက တခုဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် နေအိမ်ကို စွန့်ခွာထွက်ပြေးကြရသူတွေလည်း တနေ့ထက်တနေ့ များပြားနေပါတယ်။

နေရပ်စွန့်ခွာ စစ်ရှောင်မိသားစုတွေရဲ့ ကလေးသူငယ်တွေဟာလည်း ပညာရေး တပိုင်းတစ ဖြစ်လာခဲ့ပါတယ်။

စစ်ဘေးရှောင်တွေ မိမိနေရပ်စွန့်ခွာလာရတဲ့ အကြောင်းအရင်း နှစ်ခုဖြစ်တဲ့  နယ်မြေမလုံခြုံမှုနဲ့ ပညာရေးလိုအပ်ချက်ကြောင့် ဖြစ်တယ်လို့ နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ ကျောင်းအုပ် မခင်စန္ဒာညွန့်က သူစစ်ရှောင်ရင်း သိခဲ့ရပုံအကြောင်းကို ပြန်လည်ပြောပြပါတယ်။

ကရင်နီပြည်နယ် တနေရာရှိ နွေဦးဂုရုလေးများ ပညာရေးစင်တာဟာ အဆိုပါ စစ်ရှောင်ကလေးသူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းပေးနေတဲ့ ကျောင်းတကျောင်း ဖြစ်ပါတယ်။

အဆိုပါကျောင်းဟာ အခုအခါ အပတ်စဉ် (၂) ခု သင်ကြားပေးပြီးဖြစ်လို့ ကျောင်းသား ကျောင်းသူ ၁၁၂ ယောက်ကို သင်ကြားပေးပြီး ဖြစ်ပါတယ်။

အဆိုပါကျောင်းကို တက်ရောက်လိုပါက ဝင်ခွင့်ဖြေဆိုရမှာ ဖြစ်တဲ့အပြင် တက်ရောက်မယ့်သူဟာ စစ်ဘေးရှောင်ဖြစ်ရမှာဖြစ်ပြီး အသက် ၁၅ နှစ်နဲ့ ၂၂ ကြား ဖြစ်ရမှာပါ။ ဒါ့အပြင် သင်ယူလိုမှု ရှိ မရှိ စတာတွေကို ကြည့်ရှုရွေးချယ်တာ ဖြစ်ပါတယ်။

အဆိုပါကျောင်းမှာ မိခင်ဘာသာဖြစ်တဲ့ ကရင်နီ (ကယား) စာပေနဲ့ English 4 skills ကို အဓိကဘာသာရပ်အဖြစ် သင်ကြားပေးပြီး ဖြည့်စွက်ဘာသာရပ်အဖြစ် အနုပညာနဲ့ လက်မှုပညာ၊ သိပ္ပံနဲ့ သုတေသန အခြေခံ၊ Organic Farming (သဘာဝစိုက်ပျိုးရေး)၊ Social Study နဲ့ Learning Skill တို့ကို သင်ကြားပေးနေပါတယ်။

ဖြည့်စွက်ဘာသာရပ်တွေအဖြစ်လည်း အနုပညာနဲ့ လက်မှုပညာတွေဖြစ်တဲ့ လက်မှု နှီးဖျာတာ၊ တောင်းရက်တာ၊ ဂစ်တာ၊ ကီးဘုတ်၊ ရိုးရာအက၊ ခေတ်ပေါ်အကအပြင် Reading club တွေပါရှိပြီး ကျောင်းသား ကျောင်းသူတွေကို မိမိစိတ်ဝင်စားရာ ဘာသာရပ်အလိုက် လေ့ကျင့်သင်ကြားပေးနေပါတယ်။

သိပ္ပံနဲ့ သုတေသန အခြေခံဘာသာရပ်မှာ လူငယ်တွေ လုပ်ကိုင်လို့ရတဲ့ အရပ်သားအခြေပြု သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှု (Citizen Science) ကို သင်ကြားပေးပြီး ကျောင်းသား ကျောင်းသူတွေကို ဒေသတွင်း wildflowers၊ common flowers နဲ့ ရာသီအလိုက်တွေ့ရတဲ့ ပိုးကောင်တွေကို စနစ်တကျ လေ့လာစောင့်ကြည့်ပြီး မှတ်တမ်းတင်တဲ့ အလေ့အထလည်း ပြုလုပ်ပေးပါတယ်။

Organic Farming ဘာသာရပ်မှာ ကျောင်းသား ကျောင်းသူတွေကို သဘာဝစိုက်ပျိုးရေး လက်တွေ့လုပ်ဆောင်တာ၊ သဘာဝမြေဩဇာပြုလုပ်တာ၊ ဒေသမျိုးစိတ် စုဆောင်းတာ၊ ပဒေသာစုံ ဥယျာဉ်ခြံစိုက်ပျိုးတာတွေ ပါဝင်ပါတယ်။

Social Study ဘာသာရပ်မှာ ပြင်ပမှ ပညာရှင်တွေ ခေါ်ယူပြီး ခေါင်းဆောင်မှု၊ ကျားမ တန်းတူညီမျှရေး၊ ဖက်ဒရယ်၊ လူ့အခွင့်အရေး၊ ကရင်နီသမိုင်း အစရှိသဖြင့် တပတ်တကြိမ် တရက်တာ ဆွေးနွေးဟောပြောတဲ့ပုံစံမျိုး ပြုလုပ်ပေးနေပါတယ်။

Learning Skill၊ Public speaking skills အဖြစ် လူရှေ့ထွက် စကားပြောရဲဖို့  လေ့ကျင့်ပေးတာ၊ ပြဿနာကို ပိုင်းခြားစိတ်ဖြာတဲ့ Mind Mapping၊ Problem Tree ဆွဲပြီး အနီးနားက စစ်ရှောင်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာပြီး ကြားသိသမျှကို Mind Mapping၊ Problem Tree တို့ကို အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာတတ်အောင်  သင်ကြားလေ့ကျင့်ပေးပါတယ်။

အဆိုပါကျောင်းကို လူငယ်တွေလိုအပ်နေတဲ့ ပညာရေးအခွင့်အလမ်းတွေ ပေးနိုင်ပြီး သင်ကြားရေး အရည်အသွေးကောင်းကောင်း သင်ကြားနိုင်မယ့် ကျောင်းအဖြစ် မျှော်လင့်ကြောင်း နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ ကျောင်းအုပ် မခင်စန္ဒာညွန့်က ပြောပါတယ်။

ဆက်လက်ပြီး ကျောင်းတကျောင်းရဲ့ ပညာရေးစနစ် ရေးဆွဲဖော်ဆောင်တဲ့အခါ လတ်တလော လိုအပ်ချက်သာမက ရေရှည်အတွက်ကြည့်ပြီး ရေးဆွဲသင့်ကြောင်း၊ နေရာဒေသရဲ့ လိုအပ်တဲ့ ပညာရေးပုံစံကို ရေးဆွဲရမှာဖြစ်ကြောင်း၊ ဒါ့အပြင် လက်ရှိ တော်လှန်ရေးကာလမှာ အွန်လိုင်းပညာရေး၊ CDM အတန်းကျောင်းတွေနဲ့ လုံလောက်မှုမရှိကြောင်း နွေဦးဂုရုလေးများ ပညာရေးစင်တာရဲ့ ကျောင်းအုပ် မခင်စန္ဒာညွန့်က ရှင်းလင်းပြောပြပါတယ်။

Photo - Kaung Zaw Hein / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013