
ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင် ၈ ရက်က စစ်ကောင်စီတပ်သားအလောင်း ၄ လောင်း တွေ့ရှိခဲ့လို့ CDF-မတူပီက သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဇူလိုင် ၁၄ ရက် မနက်ပိုင်းမှာ CDF-မတူပီရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။
မတူပီမြို့နယ် လိုင်လင်းပီဘက်ကို ဇူလိုင် ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ စစ်ကြောင်းထိုးလာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းက တပ်သားတွေရဲ့ အလောင်း ၄ လောင်းကို လူနေအိမ်အောက်တွေ၊ လမ်းဘေးတွေမှာ ပစ်ထားခဲ့တာကြောင့် ဇူလိုင် ၈ ရက်နေ့မှာ CDF-မတူပီက သင်္ဂြိုဟ်ပေးခဲ့ကြတာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းထိုးခဲ့တဲ့ လမ်းကြောင်းတလျှောက်ကို CDF-မတူပီက နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန်မှာ လိုင်လင်းပီနဲ့ အာရူရွာကြားမှာ ၂ လောင်း၊ ရဲန်ခဲန်းနဲ့ အမ်လိုင်းရွာကြားမှာ ၂ လောင်း တွေ့ရှိခဲ့တာလို့ ဆလိုင်းချင်းက ပြောပါတယ်။
“စစ်(...)တွေဟာ သူတို့အချင်းချင်း ခိုက်ရန်ဖြစ်ပြီး တပ်သား ၂ ယောက်ကို သေနတ်နဲ့ ပစ်သတ်သွားကာ ဖျားနာနေတဲ့ လူနာတပ်သား ၂ ယောက်ကိုပါ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ စုံးစမ်းသိရတာ။”
စစ်ကောင်စီတပ်က အလောင်း ၄ လောင်း စွန့်ပစ်သွားတယ်ဆိုတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
မတူပီမြို့နယ်မှာ ဇူလိုင် ၁၁ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ ၂ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။