
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်က စစ်မြေပြင်ကို အင်အားဖြည့်ဖို့သွားတဲ့ စစ်ကောင်စီ တပ်သားတွေထဲက တပ်သား ၆ ယောက် ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဧပြီ ၃ ရက် ညနေပိုင်းက သာပေါင်းမြို့နယ် ခလရ ၃၀၈ တပ်ကနေ လေးမျက်နှာမြို့နယ်ကို စစ်ကူသွားတဲ့ တပ်သားတွေထဲက တပ်သား ၆ ယောက်ဟာ စက်စက်ယို ကျေးရွာအနားမရောက်မီ ကားပေါ်ကနေ ထွက်ပြေးသွားတာလို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ည ၉ နာရီ ကျော်ကျော်လောက်က ထွက်ပြေးသွားတာလို့ သိရပါတယ်။ စစ်အင်အားဖြည့်ဖို့သွားရင်း ထွက်ပြေးသွားတာလို့ သိရတယ်။ စက်စက်ယိုကျေးရွာ မရောက်မီ အင်အားဖြည့်တပ်ကား တိုက်ခိုက်ခံရပြီး ပစ်ခတ်တာတွေဖြစ်နေချိန် ၆ ယောက်က ထွက်ပြေးသွားတာ” လို့ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်မှုထမ်း တပ်သားသစ်တွေဖြစ်နိုင်ပြီး စစ်ကောင်စီစစ်ကူကား ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထွက်ပြေးတပ်သားတွေကို လိုက်လံရှာဖွေတာမလုပ်ဘဲ အလျင်အမြန်မောင်းပြေးသွားတယ်လို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီတပ်အရာရှိတွေက သတင်းဖုံးထားဖို့ညွှန်ကြားထားပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေလည်း ဧပြီ ၄ ရက်နေ့လယ်ပိုင်းအထိ ပြန်လည်ဖမ်းဆီးခံရတာ မရှိသေးဘူးလို့ သိရပါတယ်။
အာရက္ခတပ်တော် AA၊ မဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်ကို စစ်ကောင်စီက မတ်လဒုတိယအပတ်ကစလို့ သာပေါင်း၊ ဟင်္သာတ၊ ဓနုဖြူဘက်ကနေ စစ်အင်အားတွေပို့နေတာတွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










