DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်မြို့ကြီးများတွင် စစ်ကောင်စီက တရုတ်ထောက်လှမ်းရေးကင်မရာများ ထပ်မံ တိုးချဲ့တပ်ဆင်
DVB
·
July 13, 2022
မြန်မာပြည်မြို့ကြီးများတွင် စစ်ကောင်စီက တရုတ်ထောက်လှမ်းရေးကင်မရာများ ထပ်မံ တိုးချဲ့တပ်ဆင်
Donate to DVB

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီဟာ လူမျက်နှာတွေကိုမှတ်မိနိုင်တဲ့ တရုတ်နိုင်ငံလုပ် ထောက်လှမ်းရေး ကင်မရာတွေကို မြို့ကြီးတွေမှာ ထပ်မံတိုးချဲ့တပ်ဆင်နေတယ်လို့ အတွင်းကျကျသိတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ထုတ်ဖော်ရေးသား လိုက်ပါတယ်။

လူမျက်နှာတွေကိုမှတ်သားနိုင်တဲ့ လုံခြုံရေးကင်မရာတွေတပ်ဆင်မယ့် ဒီစီမံကိန်းတွေကို မြို့ပြလုံခြုံရေးစီမံကိန်းများ အဖြစ်ခေါင်းစဉ်တပ်ကာ တင်ဒါခေါ်ယူခဲ့ကြောင်း ဒီမံကိန်းတွေမှာပါဝင်ခဲ့သူတွေက ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ မော်လမြိုင်အပါအဝင် အနည်းဆုံးမြို့ကြီး ၅ မြို့မှာ ဒေသခံအာဏာပိုင်တွေက ထောက်လှမ်းရေးကင်မရာတွေ တပ်ဆင်ခဲ့ကြောင်း အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

နောက်ထပ်မြို့တွေမှာ မှုခင်းကာကွယ်ရေး အမည်ခံ ထောက်လှမ်းရေးကင်မရာတွေ ထပ်မံတိုးချဲ့တပ်ဆင်သွားမယ့် ဒီစီမံကိန်းတွေဟာ အရင် အန်အယ်လ်ဒီ အရပ်သားအစိုးရလက်ထက်မှာကလည်းက  ရှိခဲ့ပြီးသားတွေဖြစ်တယ်လို့လည်း ဒေသခံမီဒီယာတွေနဲ့ သတင်းရင်းမြစ်တွေကဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့် ရှိသူကို ရိုက်တာသတင်းဌာနက ဆက်သွယ်ရာမှာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။ ရိုက်တာသတင်းဌာနက တင်ဒါအချက်အလက်တွေကို ကြည့်ရှုခွင့်နဲ့ ထောက်လှမ်းရေးကင်မရာတွေ တပ်ဆင်မယ့်မြို့တွေကိုသွားရောက်လေ့လာခွင့်ကိုတော့ မရနိုင်သေးဘူးလို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးက မြို့တွေမှာ ထောက်လှမ်းရေးကင်မရာတွေ တပ်ဆင်ဖို့ စစ်ကောင်စီက စီစဉ်နေတာဖြစ်ကြောင်း စစ်ကောင်စီရဲ့ စီမံကိန်းအစည်းအဝေးနှစ်ခုကို ကိုယ်တိုင်တက်ရောက်ခဲ့သူတယောက်ကလည်း ပြောပါတယ်။ 

Fisca Security & Communication နဲ့ Naung Yoe Technologies ကုမ္ပဏီတွေကနေ ဒီတင်ဒါတွေ အောင်ထားတာဖြစ်ပြီး အဲဒီကုမ္ပဏီတွေက တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေးကင်မရာကုမ္ပဏီကြီးတွေဖြစ်တဲ့ Zhejiang Dahua Tehnology ၊ Huawei Technologies နဲ့ HiKvision ကုမ္ပဏီတွေကနေ တစ်ဆင့် ပြန်လည်ဝယ်ယူတာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ရိုက်တာက ဆက်သွယ်ရာမှာ Fisca ရော နောင်ရိုးကပါ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

Dahua နဲ့ Hawei ကိုလည်း ဆက်သွယ်လို့ မရပေမယ့် Hikvision ကတော့ မြန်မာစစ်ကောင်စီထံကို သူ့ရဲ့ပစ္စည်းတွေ တိုက်ရိုက်ရောင်းခဲ့ဖူးခြင်းမရှိဖူးလို့ ဆိုပါတယ်။

သူ့ရဲ့ နိုင်ငံခြားဖောက်သည်တွေဟာ ပြန်လည်ရောင်းချသူတွေနဲ့ ကင်မရာစနစ် တပ်ဆင်ပေးသူတွေဖြစ်ကြောင်းနဲ့ လူမျက်နှာတွေကို မှတ်မိနိုင်တဲ့နည်းပညာကို မြန်မာနိုင်ငံက ဘယ်သူ့ကိုမှ ရောင်းချဖူးခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ မျက်နှာတွေကို မှတ်မိနိုင်တဲ့ နည်းပညာ software တွေ တပ်ဆင်အသုံးပြုနိုင်တဲ့ သူ့ရဲ့ hardware တွေ မြန်မာနိုင်ငံကိုရောင်းချခဲ့ဖူးခြင်းရှိမရှိ မေးတဲ့ မေးခွန်းကိုတော့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိဘူးလို့ ရိုက်တာက ပြောပါတယ်။

တင်ဒါအောင်ထားတဲ့ မြန်မာကုမ္ပဏီတွေဟာ တရုတ်နိုင်ငံကနေဝယ်ယူရမယ့် မျက်နှာတွေကိုမှတ်မိနိုင်တဲ့ software လိုင်စင်တွေဟာ ဈေးကြီးတာကြောင့် ပြည်တွင်းကုမ္ပဏီတွေက ဖန်တီးတဲ့ မျက်နှာမှတ်သားတဲ့ software တွေကို အသုံးချကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒီစီမံကိန်းအသစ်တွေဟာ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းတွေလို့ နာမည်တပ်ထားတဲ့ တော်လှန်းရေးအင်အားစုတွေကို ဖြိုခွင်းရာမှာအသုံးချသွားဖို့ ဖြစ်နိုင်ကြောင်း စီမံကိန်းကိုသိရှိထားသူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကပြောပါတယ်။

စစ်တပ်နဲ့ ရဲတွေက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေရဲ့ လှုပ်ရှားမှုတွေ၊ လှုပ်ရှားသူတွေ အချင်းချင်းဆက်သွယ်ရေးတွေ၊ ခိုအောင်းရာနေအိမ်တွေနဲ့ စုဝေးရာနေရာတွေကို စောင့်ကြည့်သိရှိနိုင်လို့ ဒီထောက်လှမ်းရေးကင်မရာတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအတွက် အန္တရာယ်ပိုရှိလာမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ရဲ့ အာရှဒုတိယဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်က ပြောပါတယ်။

မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာခဲ့ပါတယ်။

တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေမှာလည်း ကြားဖြတ်ထောက်လှမ်းရေးနည်းပညာတွေကို ထည့်သွင်းအသုံးချပြီး ပြည်သူလူထုရဲ့ ဆက်သွယ်ရေးတွေကို စောင့်ကြည့်နေကြောင်းနဲ့ သတင်းနဲ့နည်းပညာအဖွဲ့သီးသန့်ဖွဲ့စည်းထားပြီး သံသယရှိသူတွေကို စောင့်ကြည့်နေကြောင်းလည်း သိရှိထားပါတယ်။

မန္တလေးမှာ ထောက်လှမ်းရေးကင်မရာတွေ အမြန်တပ်ဆင်ဖို့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖိအားပေးခဲ့ကြောင်း သတင်းရစ်မြစ်တွေကဆိုပါတယ်။ အဲဒီနောက် အာဏာသိမ်းပြီးမကြာမီမှာ မော်လမြိုင်မြို့မှာ ထောက်လှမ်းရေးကင်မရာတွေတပ်ဆင်ဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။ မကြာမီမှာ တောင်ကြီးနဲ့ ထားဝယ်အတွက် တင်ဒါတွေထပ်မံ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။

မော်လမြိုင်တင်ဒါကို Fisca နဲ့ Naung Yoe တို့ ပူးတွဲအောင်မြင်ခဲ့ပြီး၊ ထားဝယ်နဲ့ တောင်ကြီးအတွက် တင်ဒါကိုတော့ Fisca က ရရှိခဲ့ကြောင်း သိရပါတယ်။

ထားဝယ်နဲ့ တောင်ကြီးမှာ Dahua ကင်မရာတွေကို ဒီနှစ်အတွင်းမှာ ရာနဲ့ချီတပ်ဆင်ထာတားတွေ့ရှိရတယ်လို့ ဆိုပါတယ်။ မော်လမြိုင်မှာလည်း Dahua ကင်မရာ ၂ ရာကျော်တပ်ဆင်ထားပြီး ထပ်မံတပ်ဆင်သွားဖို့ရှိတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမှာလည်း Dahua ကင်မရာတွေကို ဒီနှစ်အတွင်းမှာ တပ်ဆင်ထားပြီး ဘားအံမှာလည်း ထောက်လှမ်းရေးကင်မရာတွေတပ်ဆင်သွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်မှာတော့ အန်အယ်လ်ဒီ လက်ထက်ကတည်းက စောင့်ကြည့်ရေး ကင်မရာတွေတပ်ဆင်ခဲ့တာဖြစ်ပြီး မန္တလေးမှာလည်း စောင့်ကြည့်ရေးကင်မရာတွေတပ်ဆင်ဖို့ Huawei ကုမ္ပဏီနဲ့ သဘောတူညီမှုရှိထားခဲ့ကြောင်း သိရပါတယ်။

နေပြည်တော်ရဲ့ ထောက်လှမ်းရေးကင်မရာတွေမှာတော့ မျက်နှာတွေကို မှတ်မိနိုင်တဲ့နည်းပညာပါဝင်တဲ့ Huawei ကင်မရာတွေတပ်ဆင်ထားကြောင်းနဲ့ ရန်ကုန်မှာတော့ Hikvision ရဲ့ ထောက်လှမ်းစောင့်ကြည့်ရေးစင်တာတွေ တည်ဆောက်ထားပြီး ကုမ္ပဏီမျိုးစုံရဲ့ ကင်မရာတွေတပ်ဆင်အသုံးပြုထားတယ်လို့ ဆိုပါတယ်။

မန္တလေးမှာတော့ အာဏာမသိမ်းမီတည်းက Huawei ကင်မရာ ၃၀၀ ကျော်တပ်ဆင်ထားပြီး နောက်ထပ်ရာပေါင်းများစွာ ထပ်မံတပ်ဆင်ဖို့ ရှိကြောင်းသိရပါတယ်။ ပုဂံမှာ စောင့်ကြည့်ရေးကင်မရာတွေတပ်ဆင်ဖို့အတွက် တင်ဒါကိုလည်း အာဏာမသိမ်းမီတည်းက ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ ရခိုင်မှာတော့ စစ်တွေနဲ့ တချို့ရွာတွေမှာ ၂၀၁၉ ခုနှစ်တည်းက စစ်တပ်က Huawei ရဲ့ စောင့်ကြည့်ထိန်းသိမ်းရေး ကင်မရာတွေ တပ်ဆင်အသုံးပြုခဲ့ကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013