
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ များပြားလာနေပြီး သေဆုံးသူ ကလေးငယ် နှစ်ယောက်အထိ ရှိလာပြီလို့ မောင်တောခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောပါတယ်။
ဇူလိုင်လထဲမှာတင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ အယောက် ၅၀ လောက်ရှိပြီး အဲဒီထဲက ကလေး နှစ်ယောက် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားအောင် ပြည်သူတွေအနေနဲ့ ဖုံး၊ သွန်၊ လဲ၊ စစ် စတာတွေကို လုပ်ဆောင်ဖို့လိုအပ်နေပြီး ဖျားနာသူတွေရှိရင် ဆေးရုံကို အချိန်မီလာဖို့လည်း အသိပေး နှိုးဆော်ထားပါတယ်။
လက်ရှိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေလို့ ဆေးကုသမှုခံယူနေရသူ ၁၀ ယောက်ရှိပြီး သေဆုံးခဲ့တဲ့ ကလေးငယ်တွေကတော့ ၈ လအရွယ်ကလေးငယ်နဲ့ ၄ နှစ်အရွယ်ကလေးငယ် ဖြစ်တယ်လို့လည်း သိရပါတယ်။
ခြင်ကိုက်ရာကတဆင့် ဖြစ်ပွားတတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကို အသက် ၂ နှစ်ကနေ ၉ နှစ်အရွယ် ကလေးငယ်တွေမှာ အများဆုံးဖြစ်ပွားပြီး လူကြီးလူငယ် ကျားမ မရွေး ဖြစ်ပွားနိုင်တယ်လို့လည်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
မောင်တောမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး သေဆုံးသူ မရှိခဲ့ပေမဲ့ အခုနှစ်မှာတော့ မေလကနေ ဇူလိုင်လ ဒုတိယပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၈၆ ယောက်ရှိခဲ့ပြီး အဲဒီထဲက နှစ်ယောက်ကတော့ သေဆုံးခဲ့ပါတယ်။