DVB Logo
Home
Lead Story
သေနတ်ပြောင်းဝအောက်က ရွေးကောက်ပွဲ ဖြစ်လာမှာလား
DVB
·
July 13, 2022
သေနတ်ပြောင်းဝအောက်က ရွေးကောက်ပွဲ ဖြစ်လာမှာလား
Donate to DVB

နိုင်ငံတနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတယ်ဆိုတာ နိုင်ငံသူနိုင်ငံသားတွေက မိမိတို့ယုံကြည်တဲ့ ပါတီ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို မိမိတို့ကိုယ်စား တိုင်းပြည်ကို အချိန်အပိုင်းအခြား တခုအတွင်း စီမံအုပ်ချုပ်ခွင့်ကို ပေးအပ်နိုင်ဖို့ လွတ်လပ်စွာ ရွေးချယ်မဲပေးနိုင်ဖို့ ကျင်းပရခြင်း ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံသူနိုင်ငံသားတွေဟာ မိမိကိုယ်စားလှယ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်ခွင့်မရှိဘဲ ရွေးကောက်ပွဲကို သေနတ်နဲ့အချိန်ခံရပြီး အကြောက်တရားအောက်မှာ ကျင်းပရရင်တော့ စစ်မှန်တဲ့ ရွေးကောက်ပွဲလို့ မခေါ်နိုင်ဘဲ အဓမ္မမဲခြစ်ခိုင်းခြင်းသာ ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်သူ့လူထုရဲ့ အသည်းကြားက မဲပြား‌တွေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရလာခဲ့ရတဲ့ NLD အစိုးရထံကနေ နိုင်ငံတော်အာဏာကို လက်နက်အားကိုး လုယူခဲ့တဲ့ စစ်အကြမ်းဖက်ကောင်စီဟာ သူတို့အာဏာကို တရားဝင်ဖြစ်ဖို့ ၂၀၂၃ ခုနှစ်ထဲမှာ PR အချိုးကျစနစ်နဲ့ နောက်ထပ် ရွေးကောက်ပွဲထပ်လုပ်ဖို့ တာစူ ပြင်ဆင်လာပြန်တာ အားလုံးသိပြီး ဖြစ်ပါတယ်။

အမှန်ကတော့ သမ္မတရူး မင်းအောင်လှိုင်ဟာ သူ့အရင် စစ်ဘောင်းဘီချွတ် သမ္မတသိန်းစိန် လုပ်ခဲ့သလိုမျိုးနဲ့ သမ္မတရာထူးယူဖို့ ကြံစည်လာတာပါ။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရပြည်သူ့ပါတီ NLD ကို အာဏာလွှဲမပေးခဲ့ဘဲ အပြစ်အမျိုးမျိုးရှာ အကြောင်းပြ ဖျက်သိမ်းပြီး သူတို့စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသုံးပြုလို့ သေနတ်ပြောင်းဝအောက်မှာ ကျင်းပခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲနဲ့ ပြည်သူမခန့်ထားတဲ့ စစ်အာဏာသိမ်း ဝန်ကြီးချုပ်ကနေ သမ္မတအဖြစ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကလိမ်ကကျစ် ရယူခဲ့တဲ့ ပုံစံမျိုးနဲ့ အခုလည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD ပါတီအမတ်တွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ပြိုင်ဘက်မရှိ အနိုင်ယူလို့ သမ္မတတက်လုပ်ဖို့ အကြံဆိုးကို ကြံစည်လာတာ ဖြစ်ပါတယ်။

ဇာတ်တူသားစားပြီး စစ်အာဏာရှင်ဖြစ်လာတဲ့ သန်းရွှေနဲ့ ပျော့ပျော့‌လေးနဲ့နံတဲ့ ကြောင်ချီး သိန်းစိန်တို့တုန်းကလည်း NLD ပါဝင်မယှဉ်ပြိုင်တဲ့ သေနတ်‌ပြောင်းဝအောက်က ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်ဘောင်းဘီချွတ် ကြံ့ဖွတ်ပါတီဟာ သန်းခေါင်ယံကြိုတင်မဲတွေ မဲလိမ် မဲခိုး အမျိုးမျိုးနဲ့ ပြိုင်ဘက်ပါတီငယ်တွေကို ကလိမ်ကကျစ် မတရားအနိုင်ရယူပြီး ၂၀၀၈ စစ်ကျွန်ခြေဥကို အသက်သွင်းလို့ လွှတ်တော်ထဲကို ပြည်သူတွေ မကြည်ဖြူမှန်းသိလျက်နဲ့ စတင်ခြေချခဲ့တာ မဟုတ်လား။

သမ္မတရူး မင်းအောင်လှိုင်ဟာ ကြောင်ချီးသိန်းစိန် လုပ်ခဲ့တဲ့ နည်းလမ်းအဟောင်းကြီးအတိုင်း လိုက်လုပ်ဖို့ ကြံစည်နေတယ်ဆိုတာကို သက်သေခံနေတဲ့အချက်က စစ်ဓားပြတွေ ကြံစည်ရည်ရွယ်ထားတဲ့ ၂၀၂၃ ရွေးကောက်ပွဲကို ကြီးကြပ်ဖို့ စစ်အကြမ်းဖက်ကောင်စီက ပြန်လည်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ ၂၀၁၀ ခုနှစ်တုန်းက သိန်းစိန်တို့ ခန့်ထားခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း သိန်းစိုးပဲ ဖြစ်နေတဲ့အချက်ပါ။

တကယ်တော့ စစ်ဓားပြတွေ ကြံစည်‌နေတဲ့ ၂၀၂၃ ရွေးကောက်ပွဲ လုပ်ဖြစ်ခဲ့ရင်လည်း သေနတ်ပြောင်းအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်တဲ့အပြင် တနိုင်ငံလုံးမှာ ကျေးလက်ဒေသနဲ့ တောင်တန်းဒေသတွေရဲ့ ၅၀ ရာခိုင်နှုန်း‌ကျော်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်အောက်ခံ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေမှာ တနိုင်ငံလုံးကို လွှမ်းခြုံနိုင်တဲ့ တရားဝင် ရွေးကောက်ပွဲမျိုး မဖြစ်နိုင်တော့ပါဘူး။ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ ရွေးကောက်ပွဲလည်း ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ပါဘူး။

ဒါကြောင့်မို့လို့လည်း ဇွန်လ ၁၄ ရက်နေ့က ကျင်းပခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတကြီး ဒူဝါလရှီးလက အာဏာလုစစ်ကောင်စီ ကျင်းပမယ့် ၂ဝ၂၃ ခုနှစ် ရွေးကောက်ပွဲဟာ လိမ်ညာပြီး ကျင်းပမှာဖြစ်တဲ့အတွက် သူတို့ရည်ရွယ်ချက် မအောင်မြင်အောင်၊ လုံးဝချေဖျက်နိုင်အောင် နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံးနဲ့ ဒီမိုကရေစီအဖွဲ့အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ဖို့ ပြင်ဆင်ရန် အရေးကြီးတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့သမိုင်းမှာ ရွေးကောက်ပွဲ ၉ ကြိမ် ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ လွတ်လပ်ရေးမရခင် ၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးတဲ့နောက် စစ်အာဏာရှင် နေဝင်း အာဏာမသိမ်းခင် ၁၉၆၂ ခုနှစ်အထိ ပါလီမန် ဒီမိုကရေစီခေတ်ကာလမှာ ရွေးကောက်ပွဲ ၃ ကြိမ် ကျင်းပခဲ့ပါတယ်။ ၁၉၅၁-၅၂ ခုနှစ် ရွေးကောက်ပွဲ၊ ၁၉၅၆ ခုနှစ် ရွေးကောက်ပွဲ၊  ၁၉၆၀ ရွေးကောက်ပွဲတို့ ဖြစ်ကြပါတယ်။

အဲဒီနောက် နိုင်ငံဟာ စစ်ဖိနပ်အောက်ကို ရောက်ခဲ့ရပြီးတဲ့‌နောက် ၂၆ နှစ်အကြာ ရှစ်‌လေးလုံး လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးတဲ့နောက်မှာ ပဉ္စမအကြိမ် ရွေးကောက်ပွဲအဖြစ် ပြည်သူလူထု မဲဆန္ဒနဲ့ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၁၉၉၀ ခုနှစ် အထွေထွေ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရွေးကောက်ပွဲကြီး ကျင်းပခဲ့ပါတယ်။ အဲဒါကို အာဏာမလွှဲပေးခဲ့ဘဲ စစ်ဓားပြတွေက အာဏာဆက်သိမ်းပိုက်ထားပြီး အနှစ် ၂၀ ကြာမှ သေနတ်ပြောင်းဝအောက်မှာ ဆဋ္ဌမမြောက် အထွေထွေ‌‌‌‌‌‌‌‌‌‌‌‌‌ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်မှာ ကျင်းပခဲ့ပြီး စစ်အာဏာသိမ်းအုပ်စုက နိုင်ငံ‌တော်အာဏာကို မရိုးမသားနဲ့ ယူခဲ့ပါတယ်။

၂၀၁၂ ခုနှစ်ရောက်တော့ ဒေါ်‌အောင်ဆန်းစုကြည်ပါမှ နိုင်ငံတကာက လက်ခံလာမှာသိလို့  စစ်ဓားပြတွေဟာ သဘောထားကြီးသယောင်ယောင်နဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးခဲ့ရာမှာ လစ်လပ်မဲဆန္ဒနယ် ၄၅ နေရာရှိတဲ့အနက် NLD ပါတီဟာ ၄၄ နေရာ ယှဉ်ပြိုင်ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့ပါတယ်။

နောက်တခါ အဋ္ဌမမြောက် ရွေးကောက်ပွဲအဖြစ် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ကျင်းပရာမှာလည်း ပြည်သူ့ပါတီ NLD က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြန်ပါတယ်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာတော့ နဝမမြောက် အထွေထွေရွေးကောက်ပွဲကို ကျင်းပတဲ့အခါ အများသိကြတဲ့အတိုင်း ကိုဗစ်ကပ်ဆိုး ကျရောက်နေတဲ့ကြားက မဲပေးခွင့်ရှိသူ ၇၁ ရာခိုင်နှုန်းကျော် လာရောက်မဲပေးခဲ့ပြီး NLD ပြည်သူ့ပါတီက မဲဆန္ဒနယ်အားလုံးရဲ့ ၈၂ ဒသမ ၃၆ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

အာဏာကို သူတို့သာ ဆက်ဆုပ်ကိုင်ဖို့ ရည်ရွယ်ထားတဲ့ စစ်ဓားပြတွေဟာ သူခိုးက လူဟစ်တဲ့သဘောနဲ့ ပြည်သူ့ဆန္ဒမဲရလဒ်ကို NLD က မဲလိမ်တဲ့သဘော မဟုတ်မမှန် လိမ်ညာပြောဆိုပြီး အာဏာထပ်လုခဲ့တာ ဖြစ်ပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ ၉ ကြိမ်စလုံးမှာ မဲများသူနိုင်စနစ် First-past-the-post (FPTP) ကို အသုံးပြုခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲဆန္ဒနယ်အလိုက် ရွေးချယ်ပါတယ်။ 12 Relative majority system လို့ သိကြတဲ့ အဆိုပါ မဲများသူနိုင်စနစ်ကို အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲတွေမှာပါ အသုံးပြုပါတယ်။ အဲဒီစနစ်အရ မဲဆန္ဒနယ်အတွင်း မဲအများဆုံးရရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းက အနိုင်ရရှိပါတယ်။

အခုနောက်ဆုံး ပြည်သူသတ် အကြမ်းဖက်စစ်ကောင်စီက သူတို့အာဏာလုတာ တရားဝင်ဖို့ ကြံစည်လာတဲ့ သေနတ်ပြောင်းဝအောက်မှာ ကျင်းပမယ့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲကို ပြည်သူတွေရဲ့ မဲအများစု မရနိုင်တာသိတဲ့ စစ်ဓားပြအုပ်စုဟာ အချိုးကျစနစ် (PR) နဲ့ ရွေးကောက်ပွဲကို ကျင်းပဖို့ စိုင်းပြင်းလာတာ ဖြစ်ပါတယ်။ တကယ်တမ်းက အချိုးကျစနစ် PR ရွေးကောက်ပွဲစနစ်ကို ၂၀၀၈ အခြေခံဥပဒေနဲ့ မညီဘူးလို့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် ပြည်သူ့အာဏာကို မတရားလုယူပြီး ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်‌‌နေတဲ့ သမ္မတရူး မင်းအောင်လှိုင်ဟာ တခါရရနိုးနိုး ခွေးမဖင် လက်ညှိုးထိုးလာဆိုသလို ကြောင်ချီးသိန်းစိန်လို ဘောင်းဘီချွတ်ပြီး ချိပ်ပုဆိုးဝတ်လို့ သမ္မတလုပ်ခွင့်ရဖို့ အိပ်မက်နဲ့ သေနတ်ပြောင်းဝအောက်မှာ ကိုယ့်ဖဲကိုယ်ချိုးပြီး အချိုးကျ (PR) စနစ်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ အကြံဆိုးကြံလို့ မိုက်မိုက်မဲမဲ ပြင်ဆင်လာခဲ့ပါပြီ။

စစ်ဖိနပ်အောက် တစက္ကန့်တောင် ဆက်မနေလိုတော့တဲ့ မြန်မာပြည်သူ‌ တိုင်းရင်းသား ရဟန်းရှင်လူ အားလုံးကလည်း စစ်အခွင့်ထူးခံ မကောင်းဆိုးဝါးတွေလက်ထဲ နိုင်ငံတော်အာဏာ ရှိနေသရွေ့ ဘယ်သူ့ရဲ့ဘဝနဲ့ အသက်အိုးအိမ်လုံခြုံမှု မရှိနိုင်ဘူးဆိုတာကို စစ်ဘီလူးသဘက်တွေ ရက်ရက်စက်စက် ကျူးလွန်ခဲ့ကြတဲ့ စစ်ရာဇဝတ်မှုပေါင်းများစွာနဲ့ ရင်နဲ့မဆန့်အောင် ခံစားနာကျင်ခဲ့ရပြီးပြီမို့ လူယုတ်မာ သာဝရဲ့ အကြံဆိုးကို ညီညီညာညာ မရမက ဝိုင်းဖျက်ကြမှာ ဧကန်မုချ ဖြစ်ပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013