DVB Logo
Home
မြန်မာသတင်း
မင်းတုန်းမြို့နယ်၌ ဘုန်းကြီးကျောင်းဆောက်လုပ်ရန် အဓမ္မငွေကောက်ခံနေ
DVB
·
July 13, 2022
မင်းတုန်းမြို့နယ်၌ ဘုန်းကြီးကျောင်းဆောက်လုပ်ရန် အဓမ္မငွေကောက်ခံနေ
Donate to DVB

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကျီးကန်ကျေးရွာမှာ ဘုန်းကြီးကျောင်းအသစ် တိုးချဲ့တည်ဆောက်ဖို့အတွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ရွာကအိမ်တွေကို တအိမ် ကျပ်  ငါးသိန်းကနေ ကျပ်သိန်း ၃၀ အထိ စံသတ်မှတ်ကောက်ခံနေပြီး မထည့်သူတွေကို  လျှပ်စစ်မီးဖြတ်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒေသခံရွာသားတဦးက “သူတို့က ရွာထဲမှာ အတန်း လေးမျိုးခွဲပြီး ပိုက်ဆံကောက်တာ။ အဆင်မပြေတဲ့သူတွေ၊ စာရင်းငှားတွေတောင် ငါးသိန်းထည့်ရတာ။ ဒါပေမဲ့ အများစုက ပြီးပြီးရောဆိုပြီး ထည့်မယ်လို့ ပြောတော့ အားလုံးနီးပါး မီးရပြီး လုံးဝမထည့်နိုင်ဘူးလို့ပြောတဲ့ အိမ် ခြောက်လုံးကိုတော့ ရွာအုပ်ချုပ်ရေးမှူးက မီးဖြတ်ထားတာ။ တကယ်က တရွာလုံးမှာ သုံးချိုးတချိုးပဲ တကယ်ထည့်ကြတာ၊ နှစ်ချိုးက မထည့်ကြပါဘူး။ သူတို့ကတော့ လောလောဆယ် ပါးစပ်နဲ့ ထည့်မယ်လို့ ပြောထားတော့ မီးရနေသေးတယ်။ ဘယ်တော့ကျမှ သူတို့ကိုလည်း မီးဖြတ်မယ်မသိပါဘူး။ ကျနော်တို့ကလည်း လုံးလုံးမထည့်ဘူးလို့ မပြောပါဘူး။ ငါးသိန်းလောက် ထည့်မယ်ပြောတာကို လက်မခံတာ။ အခုတော့ မီးဖြတ်ခံထားရတယ်။”

အခုလို့ငွေကောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မဆောင်ရွက်ခင်ကတည်းက ရွာမှာ အစည်းအ‌ဝေးလုပ်ပြီး ဆုံးဖြတ်တာဖြစ်တယ်လို့  ကျီးကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မိုးက ပြောပါတယ်။

“အစည်းအဝေးမှာကတည်းက သူ့အနေအထားနဲ့သူ သတ်မှတ်ထားတာ။ အခုမှ မီးမပေးတော့မှ မင်းတုန်းထွေအုပ်ကို တိုင်ကြတယ်။ မင်းတုန်း EPC ကို တက်တိုင်တယ်။ ဘယ်ရမလဲ၊ သူတို့က ရွာရဲ့တာဝန်တွေကို မထမ်းဆောင်နိုင်တာလေ။ ရပ်ရေးရွာရေးတွေကို တာဝန်မယူတာ။ သူတို့ကို အရင်ကတည်းက ပြောထားပြီးသား။ ရွာရဲ့တာဝန်တွေ မထမ်းဆောင်နိုင်ရင် အခွင့်အရေးတွေလည်း မယူနဲ့လေ။ အခုလည်း နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးတွေလည်း သူတို့ ဘာမှမရနိုင်ပါဘူး။ အဲဒါကလည်း ရွာကပဲဆုံးဖြတ်တာ၊ အစည်းအ‌ဝေးနဲ့ ဆုံးဖြတ်တာ၊ တောတွေက မြို့တွေနဲ့မတူဘူး၊ မြို့မှာက လှူမယ့်သူ အများကြီးရှိတာ။ တောမှာက ဒီတရွာမှာ ဒီကျောင်းကျောင်းတကျောင်းပဲ ရှိတာ။ ဒီဆရာတော်တပါးပဲ ကိုးကွယ်ရတာ။ ဒီကျောင်းအတွက် လှူချင်လှူ မလှူချင်နေလို့ လုပ်လို့မရဘူး။ အကုန်လုံး သူ့အဆင့်နဲ့သူခွဲပြီး ဝိုင်းပြီး တာဝန်ထမ်းရတာ၊ တောရွာတွေရဲ့ ဓလေ့ပဲ။”

အခုဆောက်နေတဲ့ ဘုန်းကြီးကျောင်းကို ကျပ်သိန်း ၃,၀၀၀ အကုန်ခံပြီး ဆောက်နေတာဖြစ်ပြီး ကျောင်းထိုင်ဆရာတော် တပါးတည်းအတွက် ကျောင်း နှစ်ကျောင်းဆောက်လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

မီးဖြတ်ခံထားရတဲ့ အဲဒီဒေသခံက “ရွာမှာရှိပြီးသား ဘုန်းကြီးကျောင်းက အကြီးကြီးကို တိုင် ၂၀ လုံးနဲ့ ဆောက်ထားတဲ့ နှစ်ထပ် ငါးခန်းကြီး၊ ခြတောင်မတက်သေးဘူး။ တပါးတည်းရှိတာကို နောက်ထပ် တိုက်ကျောင်းနဲ့နေချင်လို့ မြေနေရာထပ်ဝယ်တာ။ အခု အဲဒီမြေနေရာမှာပဲ အသစ်ထပ်ဆောက်နေတာ။ အခုဆောက်နေတဲ့ ဘုန်းကြီးကျောင်းကို သိန်း ၃,၀၀၀ အကုန်ခံပြီး ဆောက်နေတာ၊ တပါးတည်းနဲ့ ကျောင်း နှစ်ကျောင်းထိုင်မှာ။ အကုန်လုံး ရွာကကောက်တဲ့ငွေတွေပဲ မြေဝယ်တာကအစ၊ ကျောင်းဆောက်တဲ့အထိ၊ ရွာကငွေတွေပဲ၊ အခုလည်း မထည့်နိုင်ဘူးလို့ပြောလို့ မီးဖြတ်ထားတယ်။ ရွာကနေ နှင်ထုတ်မယ်။ သေရင်လည်း မလိုက်ဘူးတဲ့။ နောက် ရွာက စိုက်ပျိုးစရိတ်ငွေ ထုတ်ဖို့ကိုလည်း ထောက်ခံမပေးဘူး။ မြစိမ်းရောင်ချေးငွေအတွက်လည်း ထောက်ခံမပေးဘူးဆိုလို့ မင်းတုန်းမြို့နယ် လျှပ်စစ်ရုံးနဲ့ မင်းတုန်းထွေအုပ်ကို သွားပြောတော့ ခင်ဗျားတို့က ဗုဒ္ဓဘာသာ မဟုတ်ဘူးလား၊ ပြန်ညှိပါလို့ပဲ ပြောလွှတ်တယ်” လို့ ပြောပါတယ်။

ကျီးကန်ကျေးရွာမှာ အိမ်ခြေ ၉၀ လောက်သာရှိပြီး  ပြီးခဲ့တဲ့ ဇွန်လအကုန်ကစလို့ မီးလင်းတာဖြစ်ပေမဲ့ တရွာလုံးကို မီးပေးပေမဲ့  ခြောက်အိမ်ကိုတော့  ချန်ထားခဲ့ပါတယ်။ 

မီးဖြတ်ခံထားရသူ ခြောက်ယောက်မှာ တယောက်က ကျပ် သိန်း ၃၀၊ နှစ်ယောက်က ကျပ် ၂၅ သိန်း၊ ကျန်တဲ့လူတွေက ကျပ်  ၈  သိန်းဆီ ထည့်ရမှာ ဖြစ်ပါတယ်။ မီတာအတွက် ငွေသွင်းတာကိုလည်း လက်မခံဘူး၊ မီးလည်းမပေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013