DVB Logo
Home
မြန်မာသတင်း
ပြည်ပရောက်မြန်မာများ ပတ်စ်ပို့ သက်တမ်းတိုးရန် အခက်ကြုံနေ
DVB
·
July 12, 2022
ပြည်ပရောက်မြန်မာများ ပတ်စ်ပို့ သက်တမ်းတိုးရန် အခက်ကြုံနေ
Donate to DVB

မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)တွေကို သက်တမ်းတိုးပေးနေတယ်လို့ စစ်ကောင်စီသံရုံးတွေက ထုတ်ပြန်ထားပေမဲ့ လက်တွေ့မှာ သက်တမ်းတိုးဖို့အဆင်မပြေဘဲ ပြည်ပရောက်မြန်မာတွေ အခက်အခဲကြုံတွေ့နေရပါတယ်။

ဇူလိုင်လဆန်းမှာ စစ်ကောင်စီလက်အောက်ခံသံရုံးတွေက ပြည်ပရောက်မြန်မာတွေကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းမတိုးပေးဘဲ ကန့်သတ်တာတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ဇူလိုင် ၅ ရက်မှာတော့  ဒီသတင်းတွေဟာမှားယွင်းနေကြောင်းနဲ့  စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက  ဝန်ဆောင်မှုတွေပုံမှန်ပေးနေတယ်လို့  သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။

လက်တွေ့မြေပြင်မှာတော့ ပြည်သူတွေဟာ ပတ်စ်ပို့သက်တမ်းကို လွယ်လွယ်တိုးလို့မရဘဲ ငွေကြေးအမြောက်အမြားပေးနေရတာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူလို့ နာမည်ပေါက်နေသူတွေရဲ့ စာအုပ်တွေကိုလည်း သိမ်းယူတာတွေရှိနေတယ်လို့ ထိုင်းနိုင်ငံရောက်မြန်မာတွေက ပြောပါတယ်။

အာဆီယံဒေသတွင်း ထိုင်းနဲ့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွေမှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေရဲ့ပတ်စ်ပို့စာအုပ်တွေကို သိမ်းယူတာမျိုးပြုလုပ်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာ သာမန်အလုပ်လုပ်ကိုင်နေသူတွေဟာလည်း  ပွဲစားတွေကနေတဆင့် စာအုပ်သက်တမ်းတိုးနေရပြီး ဘတ်ငွေ ၃၅၀၀ ကနေ ဘတ်ငွေ ၆၀၀၀ (ငွေကျပ် ၃သိန်းကျော်ဝန်းကျင်) ပေးနေရတယ်လို့ ဆိုကြပါတယ်။

ပြည်ပမှာတရားဝင်နေထိုင်ဖို့အခက်အခဲဖြစ်နေသူတွေကို အမျိုးသားညီညွတ်ရေးအစိုးရက အကူအညီပေးနိုင်ဖို့ကြိုးစားနေပြီး မိတ်ဖက်နိုင်ငံတွေနဲ့ညှိနှိုင်းဆွေးနွေးနေတယ်လို့ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။ 

“ကိုယ့်မြန်မာနိုင်ငံသူနိုင်ငံသား ဒုက္ခရောက်အောင်လို့ အမျိုးမျိုးနှောင့်ယှက်ပြီး ဒုက္ခပေးနေတာ။ စစ်အာဏာရှင်ရူးတွေမရှိမှဘဲ ဒီဒုက္ခက ကင်းဝေးမှာ။ လူတွေစိတ်အနှောင့်အယှက် ဖြစ်အောင် သတင်းအမျိုးမျိုးတွေလွှင့်နေတယ်။ စိတ်ထားမမှန်ကန်စွာနဲ့ Miss Information တွေလုပ်နေတာပေါ့နော်။ သူတို့ရဲ့ဆရာ ရုရှားတွေ Miss Information လုပ်သလို လုပ်နေတာ။ ကျနော်တို့ NUG အစိုးရအနေနဲ့ကတော့ အဲ့လိုမျိုးအခက်အခဲရှိနေတဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်လိုကူညီရမလဲဆိုတာ နည်းလမ်းပေါင်းစုံကြည့်ပြီးတော့ လေ့လာနေပါတယ်။ လုပ်ဖို့အစီအစဉ်တွေလည်း ချမှတ်နေပါတယ်။”

ပြည်ပရောက် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှာ ပါဝင်သူတွေ၊ ငွေကြေးအလှူခံ ထောက်ပံ့နေသူတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို စစ်ကောင်စီလက်အောက်ခံ သံရုံးတွေက စောင့်ကြည့် မှတ်တမ်းတင်ပြီး နိုင်ငံကူးလက်မှတ်နဲ့ ဗီဇာသက်တမ်းတိုးတဲ့အခါမှာ ကန့်သတ်တာတွေပြုလုပ်နေတယ်ဆိုပြီး ဇူလိုင်လဆန်းမှာ သတင်းတွေထွက်ပေါ်ခဲ့တာပါ။

နိုင်ငံကူးလက်မှတ်နဲ့ နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးရာမှာ ကန့်သတ်ချက်တွေရှိလာပြီး သက်တမ်းတိုးချင်ရင် မြန်မာပြည်ပြန်ပြီး လဝကရုံးမှာ သက်တမ်းပြန်တိုးရမယ့်သဘောမျိုး ဆောင်တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

NUG ရဲ့ တောင်ကိုရီးယားနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက “မလေးရှားမှာတော့ ပတ်စ်ပို့စာအုပ်သိမ်းသွားတယ်လို့ ကြားတယ်။ ကိုရီးယားမှာတော့ အခုချိန်အထိသိမ်းတာကို မတွေ့မိသေးဘူး။ စာအုပ်သက်တမ်းမတိုးပေးတော့ သက်တမ်းကုန်သွားတယ်ပေါ့ဗျာ။ သက်တမ်းကုန်သွားတော့ စာအုပ်က အသက်မရှိတော့ဘူးပေါ့။ ကိုရီးယားမှာကတော့ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကို ဗီဇာရပြီးသားလူကိုလည်း ဗီဇာထပ်ပေးထားတယ်။ နေထိုင်ခွင့်ပေါ့။ ဗီဇာမရှိတဲ့သူတွေ Over Stay သမားတွေပေါ့။ သူတို့ကိုလည်း ပုံစံတစ်ခုလုပ်ပေးထားတယ် G199 ဆိုတဲ့ ဗီဇာ။ အဲ့ဒီဗီဇာကိုကိုင်ပြီးတော့ မြန်မာပြည်အေးချမ်းသွားတဲ့အချိန်အထိ၊ မြန်မာပြည် ဒီမိုကရေစီရတဲ့အချိန်အထိ နေထိုင်ခွင့်ကို ပေးထားတယ်။ အဲဒါက ၂၀၂၁ ဇူလိုင်လကတည်းက ကိုရီးယားအစိုးရက ပေးထားတာ။” 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံသံရုံးတွေကို မြန်မာတွေက သပိတ်မှောက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် အခုလိုအငြိုးထားခံရတာဖြစ်ပြီး စစ်ကောင်စီနဲ့ ပြည်သူတွေရဲ့တိုက်ပွဲ ပိုပြင်းထန်လာတဲ့လက္ခဏာတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံရောက် နိုင်ငံရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ကျမတို့တိုက်ပွဲ ပိုပြင်းထန်လာတာကို ပြတာပေါ့ဗျာ။ နိုင်ငံခြားမှာ ဗီဇာကိစ္စလေးလောက်ဖြစ်တာ။ ပြည်တွင်းမှာ သတ်ဖြတ်နေတာ နည်းသလားဗျ။ ဒါတွေဟာ ကျမတို့ တိုက်ပွဲပြင်းထန်လာတာကိုပြတာ။ ကျမတို့ ပြည်သူလူထုကလည်း စစ်ကောင်စီကို ဖြုတ်ချဖို့ကလွဲရင် တခြားလမ်းမရှိတော့ဘူးဆိုတာ ပိုပြီးပေါ်ထင်လာအောင်ပြတာပဲ။ သူတို့အဲ့ဒီလို ပရမ်းပတာ ဖြစ်လာလေ သူတို့ရက်တွေနည်းလာလေပေါ့။”

စစ်ကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နိုင်ငံကူးလက်မှတ်တွေကို မြန်မာနိုင်ငံမှာ ပြန်လည်လျှောက်ထားသက်တမ်းတိုးရမယ်ဆိုတာ သတင်းမှားတွေဖြစ်ပြီး သံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေက နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ပေးနေတယ်လို့ ဇူလိုင် ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။ 

မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးတွေမှာ သာမန်မြန်မာနိုင်ငံကူးလက်မှတ် အမျိုးအစား ၇ မျိုးအတွက် သက်တမ်းတိုးတာနဲ့ အသစ်ထုတ်ပေးတာတွေကို အချိန်နဲ့တပြေးညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013