
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေသစ်မှာပါတဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားသူတိုင်း ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ပါမှ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်ရမယ်လို့ ဖော်ပြထားတာကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ စိုးရိမ်ပူပန်နေကြရပါတယ်။
တင်းကျပ်တဲ့ ပြဋ္ဌာန်းချက်တွေနဲ့အတူ မတ် ၁၈ ရက်က ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံကူး လက်မှတ်ဆိုင်ရာ ဥပဒေသစ်ကြောင့် ပြည်ပနိုင်ငံတွေက နိုင်ငံကူးလက်မှတ်လျှောက်ထားမဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်ပူပန်နေကြတာပါ။
နိုင်ငံကူးလက်မှတ် အသစ်လျှောက်ထားတာ၊ သက်တမ်းတိုးတာနဲ့ ပြန်လည်လျှောက်ထားတာတွေ အတွက် ကိုယ်ပိုင်သက်သေခံလက်မှတ် (UID) ပါမှဆိုတဲ့ ဖော်ပြထားချက်က ဥပဒေအရဆိုရင် မြန်မာနိုင်ငံကို ပြန်ပြီး UID ပြုလုပ်ရမဲ့သဘော သက်ရောက်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှေ့နေများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က “UID ကို ပြန်လုပ်မယ်။ အဲဒီအခြေခံကနေမှ ပတ်စပို့တွေ ပြန်လျှောက်ထားရမယ်လို့ ဒါက တိတိကျကျ ပြောလိုက်တာပဲ။ တခြားနိုင်ငံတွေမှာဆို မွေးဖွားပြီး လပိုင်းလောက်မှာကို ပေးတဲ့ကိစ္စတွေ၊ ပြီးတော့ လျှောက်တဲ့အခါမှာလည်း စိစစ်ဦးမှာ။ အဲဒီ UID ကနေ နောက်တဆင့် ထပ်လျှောက်တဲ့ အခါမှလည်း ဘယ်လောက်ထိ အခွန်ငွေနဲ့ပတ်သက်တဲ့ကိစ္စ၊ နောက် ဒီလူတွေရဲ့ သန့်ရှင်းစင်ကြယ်မှုတွေ ရှိပါတယ်ဆိုတဲ့ သူတို့ဘက်က သတ်မှတ်တဲ့ ကိစ္စတွေပေါ့။ ဒီနေ့ အနေအထားအရ ပြောရမယ်ဆိုရင် နိုင်ငံတကာမှာရှိကြတဲ့ အလုပ်သမားတွေဟာ နွေဦးတော်လှန်ရေးကို ကူညီကြတာရှိတယ်။ အဲဒီလိုလုပ်တဲ့ကိစ္စတွေအပေါ်မှာ သူတို့က အနိုင်ကျင့်မယ်။ ခုနက ထင်မြင်ယူဆချက်ဆိုတဲ့ ကိစ္စတွေက ဒီမှာ ဆက်စပ်ပါလာမယ်။ သူတို့ရဲ့ အဆုံးအဖြတ်က အပြီးအပြတ်ဖြစ်တယ်။ ဒီမှာ အယူခံခွင့်ဆိုတာ ဖော်ပြထားပေမဲ့ အဲဒါက ဥပဒေသဘောအရသာ ဖော်ပြထားတာ ဆိုပေမဲ့ လက်တွေ့ အလုပ်ဖြစ်မှာမဟုတ်ဘူး။ တကယ်တော့ သူတို့အပ်နှင်းလိုက်တဲ့ ဒီအဖွဲ့အစည်းကသာလျင် အရာရာကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ရှိမဲ့ပုံစံ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီး ကြုံရနိုင်တယ်လို့ ဆရာတို့ မြင်တယ်” လို့ ပြောပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ သက်ဆိုင်ရာနိုင်ငံတွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတာမျိုး မရှိပေမဲ့ အမှန်တကယ် မြန်မာနိုင်ငံပြန်ပြီး UID လုပ်ရမယ်ဆိုရင် အဆင်မပြေမှုတွေ အများအပြားရှိကြောင်း စင်ကာပူရောက် မြန်မာအလုပ်သမားတယောက်က ပြောပါတယ်။
“တကယ်လို့ e-passport လုပ်လို့ရှိရင်လည်း သက်ဆိုင်ရာ ကိုယ်ရောက်နေတဲ့ နိုင်ငံတွေမှာသာလျှင် လုပ်ဖို့ အကောင်းဆုံးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိက လေယာဉ်လက်မှတ်တွေ စျေးကြီးတယ်၊ လေယာဉ်ဆီတွေလည်း ခက်ခဲနေတယ်၊ ခေတ်ကာလအရကလည်း အဆင်မပြေဘူး။ UID ပါမှသာလျှင် ပတ်စ်ပို့ သက်တမ်းတိုးမယ် ဆိုလို့ရှိရင်တော့ ဘယ်လိုနည်းနဲ့မှ အဆင်မပြေဘူးလို့ပဲ ပြောချင်ပါတယ်။ နောက်တခုကကျတော့ ပတ်စ်ပို့ သက်တမ်းတိုးမယ် ဆိုလို့ရှိရင် UID ကိစ္စပါ တခါတည်း ထုတ်ပေးမယ်လို့ ရောက်တဲ့နိုင်ငံ၊ ရှိတဲ့နိုင်ငံတိုင်းမှာ သံရုံးတွေကို အကုန်လုံး အဲဒီစာရွက်ကို ရရင်တော့ အကောင်းဆုံးလို့ပဲ ပြောချင်ပါတယ်။”
မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေထဲက ပြဋ္ဌာန်းထားချက်တွေက ဝေခွဲရခက်တဲ့ ရေးသားဖော်ပြချက်တွေနဲ့အတူ စစ်ကောင်စီခန့် ပြည်ထဲရေးဒုဝန်ကြီး ဦးဆောင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့်တွေက ပြည်ပရောက် မြန်မာနိုင်ငံသားတွေအပေါ် ပိုပြီး တင်းကျပ်စေကြောင်းလည်း ဆရာဦးမြင့်သိဏ်းအောင်က ရှင်းပြပါတယ်။
“နောက် တချို့ဝေါဟာရတွေ ဆိုလို့ရှိရင် ပါသေးတယ်၊ ‘ဥပဒေက ဘယ်လိုပဲ ဆိုဆို’ ဆိုတာမျိုးပေါ့နော်၊ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံက လူတွေက နိုင်ငံတကာမှာ ထွက်ပြီး အလုပ်တွေ လုပ်နေကြတယ်၊ သူတို့ နိုင်ငံတကာကို သွားပြီး အလုပ်လုပ်တဲ့ အခါမှာ သူတို့အနေနဲ့ ဒီ တင်းတင်းကျပ်ကျပ် လုပ်ထားတဲ့ ဥပဒေတွေ ပြဋ္ဌာန်းထားတဲ့အတွက် မလိုအပ်ဘဲနဲ့ အချိန်ကုန်တာတွေ၊ ငွေကုန်တာတွေ၊ အခက်အခဲရှိတာတွေ ဒါတွေကို ကြုံလာနိုင်မှာ ဖြစ်သလို ဒီ ဥပဒေမှာ ပါတဲ့အတိုင်း ဟုတ်လား ‘ယုံကြည်စိတ်ချရမှု မရှိဘူး’ ဆို အစရှိသဖြင့်ပေါ့ အဲဒီလို ထင်မြင်ယူဆချက်တွေ အောက်ကနေပြီးတော့ သူတို့ ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်ကြုံတွေ့မဲ့ အခြေအနေမျိုးတွေကို ဒီဥပဒေကနေ ပြီးတော့ စနစ်တကျနဲ့ အဲဒါ အဲဒီအတွက်ကို ပြဋ္ဌာန်းလိုက်သလို ဖြစ်တယ်လို့တောင် ဒါ တွက်လို့ရမဲ့ အခြေအနေမျိုးလို့ ဆရာတို့ ပြောနိုင်မှာဖြစ်တယ်။”
နိုင်ငံကူးလက်မှတ် လျှောက်ထားမဲ့သူတိုင်းဟာ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ရဲ့ စိစစ်ပြီး အတည်ပြုချက်နဲ့အတူ ခွင့်ပြုတာ၊ ငြင်းပယ်တာ၊ ကန့်သတ်တာတွေအပြင် ထုတ်ပေးထားပြီးသား နိုင်ငံကူးလက်မှတ်ကိုလည်း ပယ်ဖျက်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။











