
မြန်မာနိုင်ငံက ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို ပြည်ပကနေ အသုံးပြုတာကို ကန့်သတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး ပြည်ပရောက် မြန်မာတွေအနေနဲ့ ပြည်တွင်းမိသားစုတွေဆီ ငွေလွှဲပို့ရာမှာ အခက်အခဲ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
KBZ Pay၊ Wave Money၊ AYA Pay၊ CB Pay နဲ့ Mobile Banking တွေလို မိုဘိုင်းနဲ့ ငွေသွင်း ငွေထုတ် လုပ်နိုင်တဲ့ ဒစ်ဂျစ်တယ် ငွေပေးချေမှုတွေကို ပြည်ပကနေ အသုံးပြုတာကို ဩဂုတ် ၂၈ ရက်မှာ စတင်ကန့်သတ်ဖို့ စစ်အာဏာရှင်က ညွှန်ကြားထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ် နေတာပါ။
ဒီလို ကန့်သတ်မှုတွေကြောင့် ပြည်ပရောက် မြန်မာတွေအကြား စိုးရိမ်မှုတွေရှိနေပြီး ဒီအခြေအနေဟာ ငွေကြေးစီးဆင်းမှုတွေကို ပိုမိုထိန်းချုပ်လာတဲ့ အခြေအနေတရပ် ဖြစ်တယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
မြန်မာအင်တာနက်ပရောဂျက်မှ ကိုသစ်ဉာဏ်က “ဒစ်ဂျစ်တယ် ဖိနှိပ်မှုပေါ့နော်။ အထူးသဖြင့်တော့ ငွေကြေးဆိုင်ရာ စီးဆင်းမှုတွေ အားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားလာတဲ့ အနေအထားပေါ့နော်။ ကြည့်ရရင်တော့ ဒေသအရ ဖိနှိပ်ဖို့အတွက် ပြင်ဆင်လာတဲ့ဟာတခု ဖြစ်တယ်ပေါ့နော်။ ငွေလွှဲတဲ့ ကိစ္စတွေကတော့ စိုးရိမ်စရာ ဖြစ်တယ်ပေါ့။ ဒါကတော့ စနစ်တကျ ပြင်ဆင်လာပြီးတော့ တဖြည်းဖြည်း ပိုပြီးတော့ ကျပ်တည်းအောင် လုပ်ဆောင်လာတဲ့ အနေအထားတခုလို့ ကျနော်တို့ မြင်ပါတယ်ခင်ဗျာ။ ဖြေရှင်းတဲ့ နည်းလမ်းတွေကတော့ လောလောဆယ်ကတော့ အများစု ပြောနေတာကတော့ ပြည်ပရောက်နေတဲ့ မြန်မာတွေက မြန်မာလိုကေးရှင်း (location) ကို ပြောင်းသုံးတဲ့ VPN ကို ပြောင်းသုံးတယ် ဆိုတဲ့ဟာမျိုးနဲ့ ယာယီဖြေရှင်းမှုတခုကို လုပ်နေတယ်။ ဒါတွေက နည်းလမ်းမှန်တဲ့ ဖြေရှင်းမှုတွေတော့ မဟုတ်ဘူးပေါ့နော်။ VPN ကို သုံးတာဖြစ်တဲ့အတွက် ဒီစောင့်ကြည့်ယန္တရားက ပြည်ပရောက်တဲ့ လူတွေရဲ့ အခြေအနေအပေါ်မှာလည်း သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။
ဒီအခြေအနေဟာ စစ်အာဏာရှင်က နိုင်ငံရေးအရ ဖိနှိပ်ထားနိုင်ဖို့နဲ့ တင်းကျပ်ဖို့ပဲ စဉ်းစား လုပ်ဆောင်နေတာဖြစ်လို့ လူထုက ပိုမိုကျပ်တည်းလာပြီး နောက်ပိုင်းမှာ ရာဇဝတ်မှုတွေ ပိုတိုး လာတာအပြင် ငတ်မွတ်ခေါင်းပါးတဲ့ ကိစ္စမျိုးတွေအထိကိုပါ ဦးတည်လာနိုင်ကြောင်း သုံးသပ် ပါတယ်။
ပြည်ပမှာ အလုပ်လုပ်ပြီး ရရှိတဲ့ဝင်ငွေထဲက တစိတ်တပိုင်းကို ပြည်တွင်းက မိသားစုတွေဆီ ပုံမှန်ငွေလွှဲပေးနေသူတွေအတွက် ဒီလိုကန့်သတ်မှုတွေက ငွေလွှဲပို့မှုကို ပိုမိုခက်ခဲစေနိုင်ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတယောက်က “အဓိက အစ်မတို့ နားလည်ထားတာက mobile banking ဆိုတာလေ နေရာတိုင်းမှာ သုံးလို့ရအောင်လို့ပေါ့နော်။ အလွယ်တကူ ငွေလွှဲလို့ရအောင်၊ အချိန်မရွေး သုံးလို့ရအောင် လုပ်ထားတာပေါ့နော်။ ကိုယ်တွေ မြန်မာနိုင်ငံသားတွေပဲလေ။ ကိုယ်တွေ မြန်မာနိုင်ငံရဲ့ဘဏ်ကို နိုင်ငံခြားမှာ သုံးလို့မရဘူး ဆိုတာကတော့ တော်တော်ကြီးကို စိတ်ပျက်စရာလို့ ထင်ပါတယ်။ အိမ်ကို ငွေလွှဲဖို့ကို အစ်မလည်း ခေါင်းကိုက်နေရတာပေါ့နော်။ ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာကို အခုထိ မသိသေးပါဘူး။ လောလောဆယ် သိထားတာက Western Union ပေါ့နော်။ ဘဏ်ကို သွားထုတ်ရတာပေါ့။ ဘဏ်မှာ သွားမထုတ်နိုင်တဲ့ လူ၊ သွားမထုတ်တတ်တဲ့သူတွေ ဆိုလို့ရှိရင် ဒီကိစ္စ ဘယ်လိုလုပ်ရတော့မလဲ၊ ပြီးတော့ ဘဏ်နဲ့ အလှမ်းဝေးတဲ့ နယ်တွေ၊ ကျေးရွာကလူတွေ ဘယ်လိုမျိုး သွားထုတ်ကြမလဲပေါ့နော်။ အခက်အခဲတွေ စိုးရိမ်စရာတွေကတော့ တကယ်ကို အများကြီးပါပဲ။ ဘာကို ဒုက္ခပေးချင်မှန်းကို မသိတော့တာပါ” လို့ ပြောပါတယ်။
ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်တွေကို ပြည်ပကနေ ဝင်ရောက် အသုံးပြုမှုကို တားဆီးဖို့ နိုင်ငံနဲ့ တည်နေရာအလိုက် ကန့်သတ်တာ၊ အင်တာနက်လိပ်စာ (IP Address) အလိုက် ပိတ်ဆို့တာတွေအပြင် အသုံးပြုမှုတွေကို စောင့်ကြည့်စစ်ဆေးပြီး အရေးယူဆောင်ရွက်ဖို့အထိ စစ်အာဏာရှင်လက်အောက်ခံ ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိက ဘဏ်တွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ဝေဝေ











