DVB Logo
Home
Lead Story
ဒေါ်အောင်ဆန်းစုကြည်အတွက် လန်ဒန် စစ်အာဏာရှင်သံရုံး‌ရှေ့၌ အစာငတ်ခံ ဆန္ဒပြမည်
သီရိ
·
May 26, 2026
ဒေါ်အောင်ဆန်းစုကြည်အတွက် လန်ဒန် စစ်အာဏာရှင်သံရုံး‌ရှေ့၌ အစာငတ်ခံ ဆန္ဒပြမည်
1 / 2
Photo: Free Daw Aung San Suu Kyi
Donate to DVB

ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးကြောင်း သက်‌သေပြဖို့ တောင်းဆိုတဲ့အနေနဲ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ စစ်အာဏာရှင်သံရုံးရှေ့မှာ ၂၄ နာရီ အစာငတ်ခံ ဆန္ဒပြပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

အဲဒီဆန္ဒပြပွဲကို လာမဲ့ ဇွန် ၁၈ ရက် ညနေ ၃ နာရီကနေ ဇွန် ၁၉ ရက် ညနေ ၃ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ် ဦးဆောင်လှုပ်ရှားနေတဲ့ Proof of Life ကမ်ပိန်းကို အားဖြည့်ဖို့အတွက် ဖြစ်ပါတယ်။

အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်မဲ့သူတယောက်က “ရည်ရွယ်ချက်က ပြည်သူတွေရဲ့ဆန္ဒ ပူပန်မှုတွေက နိုင်ငံတကာကို ပိုပြီးသိစေချင်တယ်။ ကျနော်တို့တွေ စိတ်ပူနေတယ်ဆိုတာ ပိုသိစေချင်တယ်။ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာက ဖိအားပေးတာ များလာအောင် အမေစု အကြောင်းကိုလည်း မဖြစ်မနေ ထုတ်ပေါ်လာအောင် ကြိုးစားခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် အမေစု ကျန်းမာပြီးတော့ အမေစု လွတ်မြောက်‌ရေးက ကျနော်တို့အတွက် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကနေ နိုင်ငံတကာအစိုးရတွေ၊ ပါလီမန်တွေကိုလည်း ကျနော်တို့ စာတွေပို့ပြီး တောင်းဆိုသွားမှာပါ။ ပွဲကတော့ လန်ဒန်သံရုံးရှေ့မှာ အမေစုမွေးနေ့မတိုင်ခင် တရက်ကြိုပြီး စတင် ဆန္ဒပြသွားမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီဆန္ဒပြပွဲကို လန်ဒန်မြို့ရောက် မြန်မာပြည်သူတွေသာမက တခြားနိုင်ငံတွေက မြန်မာပြည်သူ တချို့ကလည်း ပါဝင်ကြဖို့ စာရင်းပေးထားကြတယ်လို့ သိရပါတယ်။

ဆန္ဒပြမဲ့ သံရုံးရှေ့ နေရာမှာတော့ အမိုးအကာတွေနဲ့ သောက်ရေတွေကို စီစဉ်ပေးထားမှာ ဖြစ်ပါတယ်။

စစ်တပ်က အသွင်ပြောင်းလိုက်တဲ့ အစိုးရသစ် တက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ကနေ အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းနဲ့အတူ အချိန်ကာလ မဖော်ပြထားတဲ့ ဓာတ်ပုံတပုံကို ထုတ်ပြန်ခဲ့တာပါ။

အဲဒီဓာတ်ပုံအပေါ် မိသားစုဝင်တွေနဲ့ ပြည်သူလူထုက သံသယရှိနေကြပြီး သူမနဲ့ တိုက်ရိုက် ဆက်သွယ်ခွင့်ပေးဖို့ ပုံစံမျိုးစုံနဲ့ တောင်းဆိုနေပေမဲ့ စစ်အာဏာရှင်ဘက်က တစုံတရာ ပြန်လည်တုံ့ပြန်တာ မရှိသေးပါဘူး။

လက်ရှိအခြေအနေတွေကြောင့် ပြည်ပရောက် မြန်မာပြည်သူတွေအနေနဲ့ လူထုတိုက်ပွဲတွေကို မရပ်တန့်ဘဲ နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်ပုံကို အဝေးရောက် ဧရာဝတီအသင်း (OIA) က ကိုဖိုးသင်္ကြန်က တိုက်တွန်းထားပါတယ်။

“ကျနော်တို့က ကျနော်တို့ လုပ်စရာရှိတဲ့အလုပ်ကို လုပ်ရမှာပဲလေနော်။ အဲဒီအပေါ်မှာ အကျိုးသက်ရောက်မှုကတော့ အပြည့်အဝ အကျိုးသက်ရောက်တာလည်း ဖြစ်နိုင်သလို တစိတ်တပိုင်းလည်း ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ လူထုတိုက်ပွဲ ဆိုတာလည်း ရပ်တန့်လို့မရဘူးလေ။ တဖက်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေလည်း လုပ်နေတာ ဖြစ်တဲ့အတွက် ကျနော်တို့ကလည်း ကျနော်တို့လမ်းနဲ့ တတ်နိုင်တဲ့ အပိုင်းကနေ လုပ်နေခြင်းဖြစ်ပါတယ်။”

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက စတင်ပြီး လက်ရှိအချိန်ထိ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးအကျဉ်းချထားတာဟာ ၅ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

အကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း ခြွင်းချက်မရှိ လွှတ်ပေးဖို့ ကုလသမဂ္ဂ၊ အမေရိကန်၊ အီးယူ၊ ဂျပန်နဲ့ အာဆီယံ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013