
မန္တလေးတိုင်း၊ မြစ်သားမြို့နယ်မှာ ဇူလိုင် ၁၁ ရက် ညပိုင်းက ကျေးရွာအတွင်း စစ်ကောင်စီအတွက် မီတာခလိုက်လံ ကောက်ခံပေးနေတဲ့ ဘုန်းကြီးတပါး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
တဲကြီးကျေးရွာရှိ စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးကုသလဟာ ကျေးရွာအတွင်း မီတာခ လိုက်လံကောက်ခံတဲ့ ဆရာတော်တစ်ပါးဖြစ်ပြီး အမည်မသိ သေနတ်သမားက လာရောက် ပစ်ခတ်သွားတာလို့ ဒေသခံတွေဆီကသိရပါတယ်။
"ဆရာတော်က ရွာထဲမှာ သူပဲ ဦးဆောင်ပြီး မီတာခလိုက်ကောက်နေတာ။ တချို့တွေကလည်း အဲဒီလိုလိုက်ကောက်တာ သိပ်မကြိုက်လှဘူး။ ညကတော့ ဆရာတော် ကျောင်းကို လာပြီး သေနတ် နဲ့ ဝင်ပစ်သွားတာ။ ဘယ်သူပစ်လဲဆိုတာတော့ မသိလိုက်ဘူး" လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
စိတ္တသုခကျောင်းတိုက်ဆရာတော် ဦးကုသလဟာ သက်တော် ၅၅ နှစ်၊ ဝါတော် ၃၅ ဝါ ရှိပြီး သေနတ်ဒဏ်ရာ တစ်ချက်ကြောင့် ဝဲဘက်လည်ပင်းဖောက်ဝင်ဒဏ်ရာနဲ့ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ တာပါ။
မြစ်သားမြို့နယ် မန်ကျည်းကန်ရွာမှာ ပြီးခဲ့တဲ့ မေလပိုင်းက ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူ ကိုဉာဏ်ဆောင်ကို အမည်မသိသေနတ်သမားက ပစ်သတ်ခဲ့လို့ သေဆုံးခဲ့ပါသေးတယ်။