DVB Logo
Home
Lead Story
ကချင်နိုင်ငံရေး ကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) အတွင်းရေးမှူး ဂမ်ဆန်းအန်ဆန်းနှင့် DVB မေးမြန်းချက်
DVB
·
July 12, 2022
ကချင်နိုင်ငံရေး ကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) အတွင်းရေးမှူး ဂမ်ဆန်းအန်ဆန်းနှင့် DVB မေးမြန်းချက်
Donate to DVB

အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းသတ်မှတ်မှု အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ပတ်သက်ပြီးပြန်လည်ဆွေးနွေးဖို့ရှိတဲ့အတွက် ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT) ဟာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) အမြဲတမ်းအဖွဲ့ဝင်အဖြစ်ကနေ ခဏ ရပ်နားလိုက်ပါတယ်။

NUCC အမြဲတမ်းအဖွဲ့ဝင်အဖြစ်ကနေ KPICT အနေနဲ့ဘာကြောင့် ရပ်နားလိုက်ရတာလဲဆိုတာ နဲ့ပတ်သက်ပြီး အဲဒီအဖွဲ့ အတွင်းရေးမှူးလည်းဖြစ် ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဂမ်ဆန်းအန်ဆန်းကို ဒီဗွီဘီသတင်းထောက် ကိုအောင်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ကချင်နိုင်ငံရေးကြားကာလညှိနှိုင်းရေးအဖွဲ့ (KPICT)အနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)မှာ ပါဝင်မှုကနေ ရပ်နားလိုက်တယ်လို့ ကျနော်တို့ ကြားရပါတယ်ခင်ဗျာ။ အဲဒါ ဟုတ်ပါသလား၊ ဘာကြောင့် ရပ်နားရတာလဲ၊ အရင်တုန်းက ဘယ်လိုပုံစံနဲ့ ပါဝင်ခဲ့ရတာလဲ။

ဖြေ။ “ ဟုတ်ကဲ့၊ အရင်တုန်းကတော့ ကျနော်တို့ ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ပါတယ်။ အခုကတော့ အမြဲတမ်းအဖွဲ့ဝင်ကနေပြီးတော့ ကျနော်တို့ ခဏရပ်နားတာပေါ့။ ဒီဟာကတော့ ကျနော်တို့ NUCC နဲ့ကိုအဓိကမဟုတ်ဘဲနဲ့ ကျနော်တို့ဘက်ကနေလည်း ပြင်ဆင်မှုတွေ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပါပါတယ်။ တခုကတော့ ပြည်ထောင်တွေစုဖွဲ့မှုနဲ့ပတ်သက်ပြီးမှ ကျနော်တို့ ပဋိညာဉ်မှာ ရှိတဲ့ဟာတွေက ကျနော်တို့အတွက်နည်းနည်း အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြန်ဆွေးနွေးရမယ့်ဟာတွေရှိပါတယ်။ နောက်တခုက ကျနော်တို့ လူထုနဲ့ကို ကောင်းကောင်းဆွေးနွေးပြီးတော့ ညှိနှိုင်းနိုင်တဲ့ အခြေအနေတခုကိုကျနော်တို့မှာ မရသေးတာလည်းပါတာပေါ့ဗျာ။”

“နောက်ပိုပြီးမှ အရေးကြီးတာက ဒီပဋိညာဉ်ကို အကောင်အထည်ဖော်ရမယ့် အခြေအနေတခုရောက်လာမယ့်အပြင် ဘယ်လိုအကောင်အထည်ဖော်မယ့်ဟာတွေက ကျနော်တို့အတွက်  ပြင်ဆင်မှုတွေလိုနေတာပေါ့။ အဲတော့ကျနော်ကလည်း အမြဲတမ်းအဖွဲ့ဝင် ပုံမှန်အစည်းအဝေးတွေမှာပါဝင်နေတဲ့ အဖွဲ့အစည်းတခု မဟုတ်ဘဲနဲ့ လက်ရှိ NUCC ခေါင်းဆောင်တွေနဲ့ရော၊ နှစ်ဖွဲ့ကြားဆွေးနွေးဆက်ဆံမှုကတော့ ရှိနေသေးပါတယ်။ နောက်တတ်နိုင်သလောက် နှစ်ဘက်ကနေ လိုအပ်ချက်တွေကို ကျနော်တို့ ဆွေးနွေးတာတို့၊ အကြောင်းကြားတာတို့၊ လေ့လာတာတို့ လိုအပ်သလို ကျနော်တို့ စဉ်းစားချက်တွေတော့ ရှိပါတယ်။ ဒီလို ထွက်သွားတယ်ဆိုတဲ့ဟာ အရင်အတိုင်းလို လုံးဝ ထွက်သွားတာမဟုတ်ပါဘူး။ ဆက်ဆံမှုတွေ ရှိသေးတယ်။ နောက် NUG မှာလည်း ကျနော်တို့ တစိုက်မတ်မတ် ပါဝင်နေပါတယ်။ ကဏ္ဍအသီးသီး အခုနောက်ဆုံး ဘွန်း (ငွေတိုက်စာချုပ်) ကိစ္စရယ်၊ NUG Pay အထိတစိုက်မတ်မတ် ပါဝင်နေပါတယ်။”

မေး။ အဓိက NUCC ကနေ ထွက်ရတဲ့ အကြောင်းအရင်းကို ပြောပါဆိုရင် အစောတုန်းက ပဋိညာဉ်အတည်ပြုတဲ့ကိစ္စတွေမှာ ဘယ်အချက်တွေက KPICT အနေနဲ့ လက်သင့်ခံသည်မခံသည် လူထုနဲ့ဆွေးနွေးရမယ်၊ မဆွေးနွေးရဘူးဆိုတဲ့အကြောင်းအရာက ဘာကြောင်းကိစ္စလို့ထင်ပါလဲ။

ဖြေ။ “အရေးကြီးဆုံးက ဖယ်ဒရယ်ယူနစ်နဲ့ ပတ်သက်မှာပါ။ ကျနော်တို့ ပြည်ထောင်စုဆိုတာ ပြည်ထောင်ကတည်းက စုဖွဲ့မှုနဲ့ နောက်ပြည်ထောင်တွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုက ကျနော်တို့အတွက် အရမ်းကြီးအရေးကြီးပါတယ်။ နောက် ပင်လုံမှာ ကတိပြုခဲ့တဲ့ဟာတွေနဲ့ ကျနော်တို့ ကချင်တိုင်းရင်းသားတွေနဲ့ပတ်သက်ပြီးမှ ဒီဖယ်ဒရယ်ယူနစ်နဲ့ပတ်သက်ပြီးမှ အရေးကြီးဆုံးအချက် ဖြစ်မယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။”

မေး။ KPICT ကနေပြီး ယုံကြည်လက်သင့်ခံထားတဲ့ ဖယ်ဒရယ်ယူနစ်က ဘယ်လိုပုံစံမျိုးဖြစ်ပါသလဲ။ အခု NUCC ကနေပြီးတော့ ပဋိညာဉ်ချာတာ ၂ အထိ အတည်ပြု ပြဋ္ဌာန်းထားတဲ့ကိစ္စတွေ ရှိပါတယ်။ အဲတော့ KPICT က လက်သင့်ခံထားတဲ့ ဖယ်ဒရယ်ယူနစ်က ဘယ်လိုပုံစံမျိုးလဲ ပြည်ထောင်ဆိုတာက ဘယ်လိုမျိုးအဓိပ္ပါယ်ဖွင့်မလဲပေါ့နော်။ NUCC နဲ့ ညှိနှိုင်းလို့မရတဲ့အနေအထားမျိုးရှိနေလား။

ဖြေ။ “ညှိနှိုင်းလို့မရဘူး အဲလိုအနေအထားပြောတာ မဟုတ်ပါဘူး။ အခုနက ပြောသလို ဒီဖယ်ဒရယ်ယူနစ်နဲ့ပတ်သက်ပြီးမှ အဓိပ္ပာယ်ဖွင့်ဆိုတာတခုရယ်၊ နောက်ကျနော်တို့ဘက်နေပြီး လူထုနဲ့ ကျနော်တို့ဆွေးနွေးပြီးမှ ကောင်းကောင်းကြီး ဆွေးနွေးနိုင်တဲ့ အခြေအနေ တခု မရှိသေးလို့ အဲဒါတွေတော့ ရှိပါတယ်။ ဖယ်ဒရယ်ချာတာလိုအပ်ချက်တခုလို့ပဲ ကျနော်တို့ ပြောနေတာမဟုတ်ပါဘူး။ ကိုယ့်လူထုနဲ့ ဆွေးနွေးတိုင်ပင်ဖို့က ရှိကို ရှိရမယ့်အခြေအနေတခု လိုအပ်နေပါတယ်။ နောက်ခု ဒီဖယ်ဒရယ်ချာတာကို ဘယ်လိုဖြစ်မှ ကျနော်တို့ implement လုပ်မလဲပေါ့နော်၊ ဘယ်လိုအကောင်အထည် ဖော်မယ်ဆိုတဲ့ဟာ ကျနော်တို့အတွက် အခုအချိန်အထိ ကျနော်တို့ preparation  (ပြင်ဆင်မှု) လိုနေတဲ့ အခြေအနေ ရှိပါတယ်။”

 မေး။  ပြန်လည်ညှိနှိုင်းမှုတွေကတော့ ပြန်လည် လုပ်ဆောင်ရမယ့်အနေအထားမျိုးရှိတယ်လို့တော့ ဆရာပြောတဲ့စကားတွေထဲမှာနားလည်လိုက်ရပါတယ်။

ဖြေ။ “ဟုတ်ပါတယ်။ ကျနော်တို့ KPICTက ညှိနှိုင်းတဲ့အဖွဲ့ဆိုတော့ ကျနော်က အဖြေပေးတဲ့အဖွဲ့ မဟုတ်ဘူးပေါ့နော်။ ကျနော်တို့မှာလည်း state holder တွေရှိတယ်။ နောက် KPICTမှာကလည်း အခုစုဖွဲ့မှုက လုံခြုံရေးအရကို ကျနော်တို့က အဖွဲ့ ၅ ဖွဲ့နဲ့ ပါဝင်ပေမယ့်ဒီဟာကို ပိုပြီးမှ ချဲ့ထွင်ဖို့အစီအစဉ် ရှိပါတယ်။ တခြား ကျနော်တို့ရဲ့ လူထုကိုယ်စားပြုအဖွဲ့တချို့ကလည်း ရှိသေးတယ်။ ဒီအဖွဲ့အစည်းတွေရော သိုက်သိုက်မြိုက်မြိုက်ပါဝင်ဖို့အတွက်က ကျနော်တို့ လုံခြုံရေး၊ မြေပြင်အနေအထား မြေပြင်စိုးမိုးရေးတွေကလည်း အများကြီးလိုအပ်ချက်တွေရှိပါတယ်။ ဒီဟာတွေကို အကုန်လုံးကြည့်ပြီးမှ ရှေ့ဆက်နိုင်ငံရေး ရွေ့လျားမှုတွေက  ဒီဟာတွေနဲ့ ကုန်လုံးသက်ဆိုင်တယ်လို့ ကျနော်တို့က ဒီလိုမြင်တာပေါ့ဗျာ။”

မေး။ အဲတော့ KPICT ကနေပြီးမှ NUCC မှာ အမြဲတမ်းပါဝင်နေမှု ရပ်နားလိုက်တဲ့အတွက်ကြောင့်မို့ ဒီအာဏာရှင်တော်လှန်ရေးကို တစိုက်မတ်မတ်လုပ်နေတဲ့ အင်အားတခုက လျော့သွားနိုင်တဲ့အနေအထားမျိုး ရှိပါသလား။

ဖြေ။ “ လုံးဝမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ KPICTကပါဝင်တာက  PDF ကနေအစ နောက်ဆုံးစည်းအထိပေါ့နော် အားလုံးဝင်တယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးမှလည်း အားလုံးပါဝင်တယ်။ နိုင်ငံတကာဆက်ဆံရေးအထိ KPICT ကနေပြီးမှ တစိုက်မတ်မတ်ပါဝင်နေပါတယ်။ NUGနဲ့ လက်တွဲပြီးမှ ပါဝင်နေတယ်။ NUCC နဲ့ဆိုရင်တော့ လိုအပ်တဲ့အစည်းအဝေးတွေမှာ ကျနော်တို့ရဲ့ထင်မြင်ယူဆမှု၊ ကျနော်တို့ရဲ့အမြင်သဘောထားတို့ ပွင့်ပွင့်လင်းလင်း ကျနော်တို့ ပြောနိုင်တဲ့ အခြေအနေတခု ရှိနေသေးပါတယ်။ ပုံမှန် NUCC ရဲ့ ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ရော၊ လူကိုယ်တိုင်ပဲ ဖြစ်ဖြစ် ပုံမှန်ဆက်သွယ်မှုတွေရှိနေပါတယ်။

မေး။ NUCC သည်အာဏာရှင်တော်လှန်ရေးအတွက် အမြစ်ဖြတ်ချေမှုန်းနိုင်မယ့် နိုင်ငံရေးဦးဆောင်အဖွဲ့တခုလို့ KPICT အနေနဲ့ ယူဆပါသလား။

ဖြေ။ “အင်မတန်အရေးကြီးတဲ့အဖွဲ့စည်းလို့ ကျနော်တို့မြင်ပါတယ်။ အားလုံးအတွက် အကျိုးရှိနိုင်မယ့် အဖြေရှာနေတဲ့အဖွဲ့တခုအနေနဲ့ ပုံမှန် ကြားလေ့ကြားထရှိပါတယ်။ ကမန်းကတန်းလုပ်နေတဲ့အလုပ်မဟုတ်ပါဘူး။ သူတို့ဘက်က Ready ဖြစ်လာရင်တော့ ကျနော်တို့ရော ပြန်ဝင်လာနိုင်တဲ့အခြေအနေရှိပါတယ်။ မရှိဘူးလို့ ပြောတာမဟုတ်ပါဘူး။” 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013