
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာရှိ စစ်တပ်အထိုင်စခန်း မကျဆုံးစေရေးအတွက် စစ်အာဏာရှင်လေတပ်က လေကြောင်းကနေ တပတ်တကြိမ် ရိက္ခာနဲ့ ခဲယမ်းတွေ ချပေးနေသလို အနီးနားက ကျေးရွာတွေကိုလည်း ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က ပြီးခဲ့တဲ့ တလအတွင်းမှာတင် ပလိုင်းစခန်းကို လေကြောင်းကနေ ၄ ကြိမ်တိုင်တိုင် ရိက္ခာ နဲ့ ခဲယမ်းထုပ် ၄၀ ကျော် ချပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အနီးနားက ကျေးရွာ ၁၀ ရွာကျော်ကိုလည်း လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေ အသုံးပြု ပြီး ဗုံးအလုံးရေ ၅၀ ထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ် ဧပြီလနဲ့ မေလအတွင်းမှာ ပလိုင်းရွာ စစ်တပ်နဲ့ ဒေသခံတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ တွေကြား ပြင်းထန်တဲ့ တိုက်ပွဲကြီး ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေတုန်းကလည်း စစ်တပ်ဘက် က ဂျက်တိုက်လေယာဉ်၊ Y-12 လေယာဉ်၊ စက်တပ်လေထီး၊ အသေခံဒရုန်းတွေအပြင် ဟောင်ဝစ်ဇာ လက်နက်ကြီးတွေကိုပါ အသုံးပြုပြီး ဗုံးအလုံးရေ ၁၀၀ ကျော် ကြဲချကာ ခုခံခဲ့တာလို့ တော်လှန်ရေး အင်အားစုတွေဘက်က ပြောပါတယ်။
အဲဒီနောက်ပိုင်း ဇွန် ၅ ရက်၊ ၁၂ ရက်၊ ၂၂ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ တံတားဦးလေတပ်က တက်လာတဲ့ Y-12 လေယာဉ်နဲ့ တပတ်တကြိမ်၊ စုစုပေါင်း ၄ ကြိမ်တိုင်တိုင် ရိက္ခာနဲ့ ခဲယမ်းထုပ်တွေ လာရောက်ချပေးခဲ့တာ ဖြစ်ကာ ဒေသခံတွေရဲ့ ပြောပြချက်အရ ရိက္ခာနဲ့ ခဲယမ်းထုပ်တွေ မချပေးခင် ရက်တွေမှာ အနီးနားက ကျေးရွာတွေကို အရင်ဆုံး ဗုံးကြဲတိုက်ခိုက်လေ့ရှိတယ်လို့ သိရပါတယ်။
ဒေသခံတယောက်ကတော့ “ပလိုင်းစခန်းက လွန်ခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်ကတည်းက ပိတ်ဆို့ခံ ထားရတာပါ။ အဲဒီတုန်းက ရိက္ခာမပို့နိုင်ဘူး။ ဒီနှစ်ထဲ တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီးတဲ့နောက်မှ တပတ်တခါ Y-12 နဲ့ အထုပ်တွေ လာချပေးနေတာ။ အထုပ်မချခင် ၂ ရက်၊ ၃ ရက်အလိုမှာ အနီးနားက ရွာတွေကို ဗုံးကြဲတယ်။ ဗုံးကြဲပြီး ၂ ရက်၊ ၃ ရက်နေရင် အထုပ်ချတယ်။ အဲဒီလိုလုပ်နေတာ ကြာပါပြီ။ ဗုံးကြဲခံရတဲ့ရွာကတော့ ၁၀ ရွာကျော်တယ်။ ပလိုင်းနဲ့ အနီးဆုံးရွာ ၅ ရွာကတော့ တော်တော်လေး ပျက်စီးသွားပါတယ်။ ဗုံးကျလို့ ရွာလုံးကျွတ်နီးပါး အိမ်တွေပျက်စီးတာမျိုးရှိတော့ ဘယ်လိုမှ နေလို့မရလို့ ဘေးလွတ်ရာကို ရှောင်နေကြရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရွှေဘိုမြို့နယ် အနောက်တောင်ခြမ်းက ကျေးရွာတွေကတော့ ရွာသာ၊ ကံသာ၊ ဂုဏ်တန်၊ တက်တူ၊ ကွန်ဆိပ်၊ အုပ်ပုံ၊ မုတ်ဆီ၊ လုံးထော်၊ ရေတော်မူ၊ ဝမ်းစည်၊ ငါးဆူကုန်းနဲ့ ဘိုတဲကုန်း ကျေးရွာတို့ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ပလိုင်းရွာအပါအဝင် အနီးဆုံးကျေးရွာ ၅ ရွာကျော်က ပြည်သူတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး ကျန်းမာရေးအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။










