DVB Logo
Home
မြန်မာသတင်း
စိန်တလုံးသရက် တရုတ်က ဈေးကောင်းပေး ဝယ်ယူနေ
DVB
·
July 9, 2022
စိန်တလုံးသရက် တရုတ်က ဈေးကောင်းပေး ဝယ်ယူနေ
Donate to DVB

စိန်တလုံးသရက် လှိုင်လှိုင်ပေါ်ချိန်မှာ တရုတ်နိုင်ငံက ဈေးကောင်းပေး ဝယ်ယူနေတယ်လို့ သရက်သီးစိုက်ပျိုးတင်ပို့သူများအသင်းက ပြောပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်က ထွက်ရှိနေတဲ့ စိန်တလုံးသရက်တွေဟာ အရည်အသွေးကောင်းတာကြောင့် သရက်တခြင်းကို တရုတ်ယွမ်ငွေ ၁၅၀ နဲ့ ၁၆၀ ကြားမှာ ရရှိနေတယ်လို့ သိရပါတယ်။ ညှာရင်းပုတ်ရောဂါကြောင့် သရက်ဈေးကွက်ပျက်ခဲ့ပြီး ရှမ်းပြည်က သရက်သီးများပေါ်ချိန်မှသာ သရက်ဈေးကွက်ပြန်ကောင်းလာခဲ့တာဖြစ်ပါတယ်။

“ရှမ်းသီးတွေက ပြုစုမှုအားကောင်းတော့ ထွက်ရှိလာတဲ့ အသီးတွေက ကောင်းတယ်၊ ဈေးကောင်းလည်းရနေတယ်။ စင်ကာပူကို ပို့တုန်းက တော်တော်ပြဿနာတက်ခဲ့တဲ့ ညှာရင်းပုပ်ရောဂါက ခူးတဲ့အချိန်မှာမသိသာပေမယ့်လို့ စားသုံးသူလက်ထဲရောက်တဲ့အချိန်မှာ ဒီအသီးတွေက သွားပုပ်နေတော့ ဒီစိန်တလုံးသရက်သီးရဲ့ ပုံရိပ်က နည်းနည်းလေးကျဆင်းသွားတာ ကိုသတိထားမိတယ်။ ကျဆင်းသွားတယ်ဆိုတာ ဒီနှစ်အားလုံးပါပဲ သတိထားမိကြတာ။ တချို့ဒီသရက်သီးက အဲ့လိုဖြစ်တယ်ပေ့ါနော်၊ ညှာရင်းပုပ်တွေ ဖင်တွေ ဘာတွေ မည်းသွားတယ်နဲ့ပြောကြတော့ အဲ့ဒါလေးတွေကျတော့ တောင်သူတွေအနေနဲ့ ဂရုစိုက်မယ်ဆိုရင် တချိန်မှာတေ့ာ ဈေးကွက် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါတွေကိုလည်း ကျနော်က တောင်သူတွေကိုလည်း အသိပေးလိုက်ချင်တာ ဈေးကောင်းရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကိုယ့်ရဲ့ထွက်လာတဲ့ သရက်သီးကတော့ ကိုယ်အရည်အသွေးကောင်းကောင်းလေး နဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ တချိန်မှာတော့ ဈေးကွက်ပြန်ရနိုင်မှာပါ” လို့ မြန်မာ့သရက် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

မနှစ်က ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားချိန်  ဝယ်ယူမှုတွေ ကန့်သတ်စိစစ်ခဲ့တာကြောင့် သရက်ဈေးကွက်ပျက်ခဲ့ပြီး သရက်စိုက်တောင်သူတွေအနေနဲ့ အရှုံးပေါ်ခဲ့ကာ ဒီနှစ်သရက်ရာသီမှာ သွင်းအားစု လျော့ပေါ့ခဲ့တာကြောင့် ညှာရင်းပုပ်ရောဂါတွေ ဝင်ရောက်ခဲ့တာလို့ သိရပါတယ်။

“ကျနော်တို့က ပေါ့လျော့မှုလေးတခုလေး ဖြစ်သွားလိုက်တဲ့အတွက် ကျနော်တို့ဈေးကွက်မှာ ထိခဲ့တယ်၊ ကျနော်တို့ စင်ကာပူ ဈေးကွက်ကို့ပို့ခဲ့တဲ့အချိန်မှာလည်း အဲ့ဒီပြဿနာပေါ်ခဲ့တယ်။ ပေါ်ခဲ့တဲ့အခါကျတော့ အသီးအရည်အသွေးကောင်းရင် ဈေးကောင်းရတယ်ဆိုတာ ကျနော်တို့က သုံးသပ်လို့ရသွားတယ်။ အရည်အသွေးကောင်းတယ်ဆိုတာက ရိတ်သိမ်းချိန်ရော၊ မစိုက်ခင် အသီးမခူးဆွတ်ခင်ရော၊ ခူးဆွတ်ပြီးရော နည်းနည်းလေးဂရုစိုက်လိုက်တယ်ဆိုရင်ပဲ ကျနော်တို့ အပြောင်းအလဲတခု ဖြစ်သွားတယ်။ အဲ့ဒီတော့ ဒီသရက်သီးကိုပေါ့နော် အိတ်မစွတ်ခင်မှာ ကျနော်တို့ မှိုသတ်ဆေး၊ ပိုးသတ်ဆေး အဲ့ဒီလို တွေဖြန်းထားမယ်ပြီးတော့ သင့်တင်လျောက်ပတ်တဲ့ စိုက်ထုတ်မှုလုပ်မယ်ဆိုရင် အခွင့်အလမ်းကောင်းတွေ ရရှိလာနိုင်ပါတယ်။” လို့ သရက်စိုက်တောင်သူတဦးကပြောပါတယ်။

ဒါ့အပြင် သရက်ဈေးကွက်မှာ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ပြုစုမှုအားကောင်းမယ်ဆိုရင် ဈေးကောင်းရရှိနိုင်ပြီး တိုင်းဒေသကြီးအလိုက် နှစ်စဉ် ထွက်ရှိမယ့် သရက်သီး အရေအတွက်တွေကို သိရှိမယ်ဆိုရင် ပိုမို ဈေးကွက်တိုးချဲ့လာနိုင်တယ်လို့ ဆိုပါတယ်။ 

ညှာရင်းပုပ်ရောဂါကြောင့် ကိုဗစ်မဟုတ်တဲ့ ရောဂါများ အသီးများမှာ ပါရှိလာမှာ စိုးတဲ့အတွက် ထိခိုက်မှုရှိတာကြောင့် တရုတ်နိုင်ငံက လက်လီအရောင်းနဲ့ သန့်ရှင်းရေးကို ကြပ်မတ်လိုက်တာလို့လည်း သိရပါတယ်။

မနှစ်ကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ တင်ပို့ရတဲ့အတွက် ဈေးကွက်ပျက်ခဲ့ပြီး ဒီနှစ်မှာတော့ ရွှေဟင်္သာသရက်တခြင်းကို အနိမ့်ဆုံး ယွမ် ၁၀၀ ပတ်ချာလည်လောက်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013