DVB Logo
Home
မြန်မာသတင်း
မြန်မာတိုက်လေယာဉ်ကျူးကျော်ဝင်လာသည့်ကိစ္စ ထိုင်းနှင့် မြန်မာစစ်တပ် ပူးပေါင်းကြံစည်ခြင်း ရှိ မရှိ လွှတ်တော်က စစ်ဆေးပေးရန် တောင်းဆို
DVB
·
July 8, 2022
မြန်မာတိုက်လေယာဉ်ကျူးကျော်ဝင်လာသည့်ကိစ္စ ထိုင်းနှင့် မြန်မာစစ်တပ် ပူးပေါင်းကြံစည်ခြင်း ရှိ မရှိ လွှတ်တော်က စစ်ဆေးပေးရန် တောင်းဆို
Donate to DVB

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက  မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ်တစီး ထိုင်းဘက်ခြမ်း တာ့ခ်ခရိုင် ဖုပ်ဖရမြို့နယ်ထဲကို နယ်ကျွံဝင်ရောက်လာတဲ့ကိစ္စနဲ့ပတ်သက်လို့ မြန်မာဘက်က တောင်းပန်ပြီးဖြစ်လို့ ကြီးမားတဲ့ ပြဿနာမဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပေမဲ့ ထိုင်းပြည်သူတွေကြားမှာတော့ ဝေဖန်မှုတွေ ဆက်လက် မြင့်တက်နေပါတယ်။

နွန်ထပူရီခေတ်သစ်လူငယ်အဖွဲ့နဲ့ ဒီမိုကရေစီလို့ အမည်ပေးထားတဲ့အဖွဲ့ နှစ်ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေဟာ မကြာသေးခင်ရက်ပိုင်းတွေက ထိုင်းအမျိုးသားလွှတ်တော်ဆီ အသီးသီးသွားရောက်ခဲ့ပြီး မြန်မာတိုက်လေယာဉ်ကိစ္စနဲ့ ပတ်သက်လို့ ပြည်သူတွေ ရှင်းရှင်းလင်းလင်း သိရအောင် စုံစမ်းဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 

တောင်းဆိုတဲ့အဖွဲ့တဖွဲ့မှ နန်းဆောင်အားထစ်ယာ ဖွန်းဖရူမ်းက “ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီ ၁၆ မိနစ်က မြန်မာဘက်က တိုက်လေယာဉ် MIG 16 ထိုင်းဘက်ကို လာရောက်ဝဲပျံသွားတယ်။ ထိုင်းရွာသားတွေ အထိတ်တလန့် ပုန်းရှောင်ပြီး စာသင်ကျောင်းလည်း အရေးပေါ်ပိတ်ခဲ့ရတယ်။ မြန်မာဘက်ခြမ်းက စစ်ဘေးရှောင် ၅၇၆ ဦး ထိုင်းဘက် ထွက်ပြေးလာရတယ်၊။ ဒဏ်ရာရသူတွေလည်းရှိပြီး ထိုင်းမှာ ဆေးလာကုရတယ်၊ အဲဒီကိစ္စကို ဇူလိုင် ၁ ရက်နေ့မှာ ဝန်ကြီးချုပ်ပရယုဒ်က မြန်မာဘက်က လေယာဉ်နောက်ပြန်ချိုးကွေ့စဉ် ထိုင်းဧရိယာထဲ နည်းနည်းကျွံဝင်လာတာ၊ သူတို့ တောင်းပန်ပြီးပြီ ကြီးမားတဲ့ပြဿနာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ ကျမတို့ပြည်သူတွေအနေနနဲ့ကတော့ ဒါဟာ ထိုင်းအချုပ်အခြာအာဏာကို ထိပါးတယ်လို့ ယူဆတယ်။ ပြီးတော့ မြန်မာစစ်တပ်ဟာ ထိုင်းနယ်မြေကို အသုံးချပြီး   ကရင်တော်လှန်ရေးအဖွဲ့ တွေ၊ ကရင်တိုင်းရင်းသားတွေကို ချေမှုန်းတဲ့နေတဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာကို ထိုင်းစစ်တပ်က အားပေးတယ်လို့ယူဆတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

နိုင်းဆုမ်ယုဒ် ဖိုတ်စဖားကဆဲမ်ဆုခ်ကလည်း မြန်မာ့တိုက်လေယာဉ် မလာခင်ရှေ့ ဇွန်လ ၂၉ ရက်နေ့မှာ ထိုင်းအမှတ် ၃ စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကြီး အဖိချိတ်ဆုဆတ်က နေပြည်တော်သွားပြီး မြန်မာ့တပ်မတော်အကြီးအကဲတွေနဲ့ တွေ့ခဲ့သေးတယ်၊ ဒါကြောင့် မြန်မာစစ်တပ်ကထိုင်းပိုင်နက်ကို အသုံးပြုခွင့်တောင်းခဲ့တာလား၊ နယ်စပ်လက်နက်ကိုင်အဖွဲ့တွေကို ပူးပေါင်း ချေမှုန်းဖို့ အတူကြံရွယ်ခဲ့တာလားလို့ သံသယရှိကြောင်း ပြောပါတယ်။

ဒါ့ကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ အောက်ပါ အချက် ၅ ချက်ကို စုံစမ်းစစ်ဆေးပြီး ပြည်သူတွေကို ချပြစေလိုကြောင်း ပြောပါတယ်။

အဆိုပါ ၅ ချက်ထဲမှာ နိုင်ငံတော်ရံပုံငွေကိုများစွာသုံးစွဲပြီ နိုင်ငံတော်ရဲ့အချုပ်အခြာကို မကာကွယ်တဲ့ ထိုင်းလေတပ်ရဲ့ ၂၀၂၃ ဘတ်ဂျက်အသုံးစရိတ်ကို စိစစ်ဖို့၊   ကရင်လက်နက်ကိုင်တော် လှန်ရေးအဖွဲ့တွေကို နှိမ်နင်းဖို့အတွက် ထိုင်းပိုင်နက်ကို အသုံးပြုတာဟာ ထိုင်း၊ မြန်မာ နှစ်ဘက် စစ်တပ်ပူးပေါင်းကြံရွယ်မှု ဟုတ်မဟုတ် စစ်ဆေးဖို့၊ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က မြန်မာစစ်သား ၁၀၀ လောက် လက်နက်အပြည့်အစုံနဲ့ ထိုင်းဘက်ခြမ်းကနေပတ်ပြီး ကရင်ပြည်နယ်ဆုံဆည်းမြိုင် ဘက်ဝင်ရောက်သွားတာဘာကြောင့်လဲ၊ မြန်မာဘက်ကတိုက်လေယာဉ်ဝင်လာတဲ့အတွက် ထိုင်းရွာသားတွေအပေါ် ထိခိုက်နစ်နာမှုကို စစ်ဆေးပြီး တာဝန်ယူ၊ တာဝန်ခံပေးဖို့နဲ့  တိုက်လေယာဉ်ဝင်လာတဲ့အပေါ် နှုတ်နဲ့တောင်းပန်ရုံနဲ့ ကျေအေးလိုက်တာဟာ ထိုင်းနိုင်ငံသိက္ခာ ကျဆင်းစေလို့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ စာနဲ့တရားဝင်ထုတ်ပြန်တောင်းပန်ဖို့လိုအပ်ပြီး နှစ်ဘက်စစ်တပ်ပူးပေါင်း ကြံရွယ်ခြင်းမရှိ တဲ့အကြောင်းကိုလည်းတရားဝင်ထုတ်ပြန်ပေးဖို့တွေ ပါဝင်ပါတယ်။ 

တောင်းဆိုချက်တွေရေးထားတဲ့စာကို Move Forward Party ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်းရန်းဆီမတ်ရုန်းက လာရောက်လက်ခံယူခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ သူတို့ ကော်မတီအစည်းအဝေးလုပ်ဖို့ ရှိကြောင်းပြောပါတယ်။

အဲဒီအစည်းအဝေးမှာ ထိုင်းလေတပ်ဘက်က တာဝန်ရှိသူ၊ ထိုင်းအမျိုးသားလုံခြုံရေးတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးတို့ကိုလည်း ဖိတ်ကြားထားကြောင်း၊ သူ့အနေနဲ့ ဒီပြဿနာဟာ ကြီးမားတဲ့ပြဿနာလို့ ယူဆကြောင်း၊ ဘာကြောင့်လဲဆိုတော့ နယ်မြေထဲက ပြည်သူတွေရဲ့ လုံခြုံရေးကိုထိပါးနေကြောင်း၊ နှစ်နိုင်ငံနယ်စပ်နေ ပြည်သူတွေဟာ ဆွေမျိုးသားချင်းတွေလည်းဖြစ်လို့ မြန်မာဘက်ခြမ်းမှာ ဖြစ်ပွါးနေတဲ့ပြဿနာဟာ ထိုင်းဘက်ကိုလည်း သက်ရောက်မှုရှိနေတယ်လို့  ပြောသွားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

REF- Matichon

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013