DVB Logo
Home
မြန်မာသတင်း
ကလေးမြို့တွင် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
DVB
·
July 8, 2022
ကလေးမြို့တွင် ပြည်သူ ၂ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက် အေးမြဝေစည်ဘုန်းကြီးကျောင်းရဲ့ ဘုရားရင်ပြင်ပေါ်မှာ ဇူလိုင် ၃ ရက်နေ့က  အမျိုးသမီး တယောက်  ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “သူတို့မောင်နှမ သုံးယောက်က ဘုရားရင်ပြင်မှာ ဘုရားဖူးရင်း ထိုင်နေကြတာ။ အဲ့ဘုရားက စည်ကားတယ်။ ညနေစောင်းဆို လာရောက်ဖူး‌မြော်သူ များပြားတယ်။ ဘုးရားအပေါ်ကနေ သေနတ်နဲ့ သုံးချက်ပစ်သွားတယ်။ ပစ်သတ်ပြီး ဘုရားပေါ်ကနေ လယ်ကွင်းပြင်ဘက် ထွက်ပြေးသွားတယ်။ အဲ့ဒီ သေဆုံးတဲ့ကောင်မလေးက အရင်က PDF ထဲဝင်ဖူးတယ်။ အခင်းဖြစ်ပွားပြီး စစ်သားတွေက‌ လာရောက်ရှာဖွေကြတယ်။ ဘုရားရင်ပြင်‌‌ပေါ်မှာ အတူထိုင်နေတဲ့ သူ့ရဲ့ခဲအိုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ ဘာကြောင့်ဖမ်းဆီးသွားလဲ မသိဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကလေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ အေးမြဝေစည် ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ အေးကမ္ဘာပြည်လုံးချမ်းသာ ဘုရားရင်ပြင်ပေါ်မှာ ဘုရားဖူးလာတဲ့ မယွန်းဝတီမွှေး အောင်မင်္ဂလာရပ်ကွက်၊ ကလေးမြို့နေသူကို PDF တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပြီး ဒေသခံ PDF တွေကလည်း သူတို့လုပ်တာမဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ကလေးမြို့မှာ ဇူလိုင် ၁ ရက် ညအစောပိုင်းကလည်း မင်္ဂလာ ဥယျာဉ်ရပ်ကွက်အတွင်း ဆိုင်ကယ်မောင်းနှင် ဖြတ်သန်းလာတဲ့ အမျိုးသားတယောက်ကို စစ်ကောင်စီတပ်သားတွေက ပစ်သတ်လိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ည ၈ နာရီဝန်းကျင်လောက် လူခြေတော့တိတ်နေပြီ။ ဆိုင်ကယ်သံ‌လည်း‌ ကြားလိုက်တယ်။ ညတိုင်ဆိုရင် သူတို့က ကင်းလှည့်တယ်။ စစ်သားတွေအော်သံကြားလိုက်တယ်။ ရပ် ရပ် လို့ပြောတာ။ ဆိုင်ကယ်မောင်းတဲ့သူက မရပ်ဘဲဆက်စီးတာ၊ အဲဒါမှာ သေနတ်သံ ကြားလိုက်ရတာပဲ။”

အဆိုပါအမျိုးသား ပစ်သတ်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က “ကလေးမြို့၊ မင်္ဂလာဥယျာဉ်ရပ်ကွက်တွင် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ဘုရင့်နောင်လမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာတဲ့ New Anbo 125 အမျိုးအစားဆိုင်ကယ်အား လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မသင်္ကာလို့ ရပ်တန့်စစ်ဆေးခံဖို့ တားဆီးခဲ့ရာ မောင်းနှင်ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF တယောက်ကို  လက်လုပ်မိုင်း ၁ လုံးနဲ့အတူ အသေဖမ်းဆီရမိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

ပစ်ခတ်ခံရပြီး သေဆုံးသူအမျိုးသားကို စစ်ကောင်စီတပ်သားတွေက ကလေးမြို့ ကုတင် ၁၀၀ တပ်မတော်‌စစ်ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပြီး သေဆုံးသူအမျိုးသားဟာ အမှန်တကယ် PDF မဟုတ်ဘူးလို့လည်း ကလေး PDF တပ်ဖွဲ့ဝင်တွေက ငြင်းဆိုထားပါတယ်။ စစ်ကောင်စီတပ်အနေနဲ့ ဒေသခံတွေကို အကြမ်းဖက်ပစ်သတ်ပြီးတဲ့အခါတိုင်း PDF လို့ တံဆိပ်ကပ် ရမ်းသန်း‌စွပ်စွဲကာ မမှန်မကန်လုပ်ကြံသတင်းထုတ်လေ့ရှိပါတယ်။

စစ်ကောင်စီတပ်သား‌တွေဟာ ကလေးမြို့ပေါ်မှာ ရှောင်တခင် ဝင်ရောက်စစ်ဆေးတာတွေ မကြာခဏ ပြုလုပ်နေပြီး ဒေသခံတွေကို စစ်ဆေးဖမ်းဆီး ခြိမ်းခြောက်တာတွေ ခံနေရတာကြောင့် မြို့နေပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်နေပါတယ်။

စစ်ကောင်စီတပ်တွေက လတ်တလော ကလေးနယ်တောင်ပိုင်းမှာ သာလွန်အင်အားသုံးကာ ကုန်းကြောင်းကသာမက လေကြောင်းကပါ ထိုးစစ်ဆင်နေပြီး ‌ကျေးရွာတွေက ဒေသခံနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ကလေးမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅၀၀‌ ဝန်းကျင်ရှိ‌ပြီဖြစ်ပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသူ ၁၀၀‌ ‌ကျော်ပြီလို့ သပိတ်အဖွဲ့ဝင်တွေရဲ့ စာရင်းအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013