
ဧရာဝတီတိုင်း၊ မအူပင်မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တယောက်ရဲ့ နေအိမ်မှာ ဇူလိုင် ၆ ရက် ညက ဓားပြတိုက်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။
မအူပင်မြို့မရဲစခန်းက ရဲဒုတပ်ကြပ် နောင်နောင်ထွန်းရဲ့ အမှတ် ၇ ရပ်ကွက်က နေအိမ်ကို မျက်နှာဖုံးစွပ် အမျိုးသားလေးယောက်က ညပိုင်းမှာ ဓားပြတိုက်သွားတာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်တဦးက “ကိုနောင်နောင်ထွန်းက လှည့်ကင်းသွားနေတဲ့ အချိန်ဖြစ်သွားတာ။ အားလုံးတော့ သိန်း ၅၀ ဖိုးလောက် ပါသွားတယ်။ တရားခံတော့ မမိသေးဘူး လိုက်နေတုန်း”လို့ ပြောပါတယ်။
ရဲဒုတပ်ကြပ် နောင်နောင်ထွန်းရဲ့နေအိမ် ဓားပြတိုက်ခံရတာကြောင့် ရွှေထည်ပစ္စည်း ကျပ် သိန်း ၅၀ နီးပါးနဲ့ တခြားတန်ဖိုးရှိတဲ့ပစ္စည်းတွေပါသွားတယ်လို့ ဆိုပါတယ်။
ဓားပြလာတိုက်တဲ့ သူတွေဟာ သေနတ်အရှည်တွေ ကိုင်ထားတာကြောင့် စစ်တပ်နဲ့ ရဲက ပြန်တိုက်တာမျိုး ဖြစ်နိုင်တယ်လို့ ဒေသခံတွေအကြား ပြောဆိုနေကြပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။