DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
DVB
·
July 8, 2022
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့က တောင်ဖီလာလမ်းမကြီးနဲ့ ဝန်ထမ်းအိမ်ရာလမ်းထောင့်အနီးမှာ ဇူလိုင် ၇ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံးပြီး အရာရှိ ၁ ဦးအပါဝင် ၆ ဦးထက်မနည်း ဒဏ်ရာရရှိသွားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ တောင်ဇလပ်ရပ်ကွက်ကနေ ဆိုင်ကယ်၊ ကားတွေနဲ့ ကျန်စစ်သားလမ်းအတိုင်း အနောက်ဘက်ကို ဦးတည်ပြီး မောင်းနှင်လာရာမှာ တောင်ဖီလာလမ်းမကြီးနဲ့ ဝန်ထမ်းအိမ်ရာလမ်းထောင့်အနီးအရောက်မှာတော့ ယာဉ်များကိုရပ်ကာ အင်အား ၅၀ လောက်နဲ့ ခြေလျင်စစ်ကြောင်း လျှောက်လာစဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။

“သူတို့ရောက်လာတဲ့အချိန်ကို စောင့်ပြီးဖောက်ခွဲတိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်သား ၂ ဦးသေတယ်။ ‌အဲ့ဒီထဲမှာ အရာရှိ ၁ ယောက်အပါဝင် ၆ ဦးထက်မနည်း အပြင်းထန်ဒဏ်ရာရရှိတယ်။ မိုင်းကွဲပြီး ဘေးပတ်ဝန်းကျင်ကို ဒီကောင်တွေ ကြောက်အားလန့်အား ရမ်းသမ်းပစ်ခတ်တာတွေလုပ်တယ်။ ကျနော်တို့တပ်ဖွဲ့ကတော့ အထိခိုက်မရှိခဲ့ပေမယ့် ‌ရပ်ကွက်ထဲက အပြစ်မဲ့ပြည်သူတချို့ကို ဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ သိထားရတယ်” လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲပြီးနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေအပြင် ရပ်ကွက်ထဲက ပြည်သူတချို့ကို သေနတ်ထောက်ခြိမ်းခြောက်ကာ လမ်းအတွင်း မိုင်းရှင်းဖို့ လူသားဒိုင်းအဖြစ် စေခိုင်းတာတွေပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ကလေး-တမူးလမ်း‌မှာ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ကလေးမြို့နယ် ပြည်သူ့ကာကွယ်တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ် ၃ စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ လောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဘိုခရိုင် စစ်ကိုင်း - ရွှေဘိုလမ်းကြောမှာလည်း ဇူလိုင် ၆ ရက်နေ့က စစ်ကောင်စီတပ် ယာဉ်တန်းကို ၅ နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

နေရာ ၅ နေရာမှာ တနေရာကို မိုင်း ၆ လုံးနှုန်းနဲ့ မိုင်းအလုံးရေစုစုပေါင်း အလုံး ၃၀ အသုံးပြု တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

“နေရာ ၅ နေရာမှာ ကျနော်တို့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း အယောက် ၂၀ ထက်မနည်းသေနိုင်တယ်။ ဒဏ်ရာရသူလည်း အများပြားရှိတယ်။ အရေတွက်အတိကျကိုတော့ ကျနော်တို့က အဝေးကနေ မိုင်းဆွဲတိုက်ခိုက်ရတာဆိုတော့ ပြောရခက်တယ်။ မိုင်းဆွဲပြီးချိန်တော့ သူတို့ (စစ်ကောင်စီတပ်ဖွဲ့ ) ဘက်က ရမ်းပစ်တာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့တပ်ဖွဲ့တွေ အထိအခိုက်မရှိခဲ့ပါဘူး” လို့ နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့က ကနဦးတိုက်ခိုက်မှုအနေနဲ့ စစ်ကိုင်းဘက်မှ ရွှေဘိုမြို့ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Hight Class Express အပြာရောင်ကား ၁ စီးကို လှတောနဲ့ ဘုန်းဘွဲ့ကျေးရွာအကြားမှာ မနက် ၅ နာရီ ၄၀ မိနစ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ Faw ကား ၁ စီးနဲ့ အိမ်စီးကားတစီးကို မွန်းတည့် ၁၂ နာရီခွဲအချိန် လှတောကျေးရွာနဲ့ စိုင်နိုင်ကျေးရွာကွေ့အကြား မိုင်းဆွဲတိုက်ခိုက်ရာမှာ အဲ့ဒီထဲက အရာရှိလိုက်ပါလာတယ်လို့ ယူဆရတဲ့ အိမ်စီးကားဟာ မိုင်းစတွေထိမှန်ပြီး ကားရှေ့ပိုင်းပျက်စီးသွားပေမယ့် ရွှေဘိုမြို့ဘက်ကို ဆက်လက်ဦးတည်မောင်းနှင်သွားရာ စိုင်နိုင် နဲ့ ဘုန်းဘွဲ့ကျေးရွာကြားမှာ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တရက်တည်း ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာလည်း ရွှေဘိုမြို့တောင်ဘက်ကို ပြန်လည်ထွက်ခွာလာတဲ့ Hight Class Express ကား ၁ စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီလောက်မှာ ကျွဲဇင်းကျေးရွာအတွင်း တပ်စွဲပြီး ကျေးရွာပြည်သူပိုင်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ကားတချို့ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို နတ်တောင်နဂါးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ Ghost Rider Special Task Force နဲ့ ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013