
မြန်မာနိုင်ငံတဝန်း ပဋိပက္ခဒဏ်သင့်ဒေသတွေမှာ လေကြောင်းဗုံးကြဲခံရမှု၊ စစ်ကြောင်းထိုး မီးရှို့ခံရမှုနဲ့ အင်တာနက်ဖြတ်တောက်ခံရမှု စတဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့ အခက်အခဲပေါင်းစုံကြားက ဒေသခံတွေကိုယ်တိုင် ဦးဆောင်ကောက်ယူခဲ့တဲ့ ၅ နှစ်တာ အမျိုးသမီးရေးရာ သုတေသနတွေ့ရှိချက်တွေကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာ စက်တင်ဘာ ၂၂ ရက်က မိတ်ဆက်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပဋိပက္ခဖြစ်ပွားရာဒေသတွေက အမျိုးသမီးတွေ၊ LGBT တွေနဲ့ မသန်စွမ်းသူတွေ အပါအဝင် စစ်ဘေးရှောင်နဲ့ နေရပ်စွန့်ခွာသူတွေရဲ့ အခြေအနေတွေကို လေ့လာထားတဲ့ သုတေသနတွေကို ချင်းမိုင်မှာ ပြုလုပ်တဲ့ အမျိုးသမီးအဖွဲ့တွေ စုစည်းပြီး ကျင်းပတဲ့ သုတေသနဆွေးနွေးပွဲတရပ်မှာ တင်ပြခဲ့ကြတာပါ။
ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ သုတေသနအချက်အလက်တွေ ကောက်ယူရာမှာတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကိုယ်တိုင် သွားရောက်ဖို့ ခက်ခဲတာကြောင့် ဒေသခံသုတေသနပြုသူတွေကို အွန်လိုင်းကနေ သုတေသနနည်းပညာတွေ ပေးပို့သင်ကြားပြီး အချက်အလက်တွေ ကောက်ယူခဲ့ရတယ်လို့ အမျိုးသမီးအရေးနဲ့ ကျား မ တန်းတူညီမျှရေးဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတခုရဲ့ ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ပြောပါတယ်။
နောက်ပြီး လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့မှု၊ စစ်ကြောင်းထိုးမှု၊ ရာသီဥတုဆိုးရွားမှုနဲ့ လောင်စာဆီ ပြတ်လပ်မှုတွေကြောင့်လည်း အချက်အလက်ကောက်ယူရာမှာ အခက်အခဲတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ရွှေရွှေစိန်လတ်က “ကျမတို့ ဒီ အင်တာဗျူးတွေမေးမယ်၊ အချက်အလက်တွေ ကောက်ယူမယ်ဆိုလို့ရှိရင်လည်း အမြဲတမ်းပဲပေါ့နော် လေယာဉ်ဗုံးကြဲတာ၊ မီးရှို့ခံရတာ၊ စစ်ကြောင်းတွေ ထိုးနေတာ၊ ဒါတွေ၊ နောက်တခါမှာ ရာသီဥတုဒဏ်ပေါ့။ မုန်တိုင်းကျတာ၊ ရေတွေ ကြီးလာတာ ခက်ခဲတာတွေပေါ့နော်။ လမ်းပန်းဆက်သွယ်ရေးကလည်း အရမ်းခက်ခဲတယ်။ နောက်အခါမှာ ဓာတ်ဆီပေါ့နော် စက်သုံးဆီတွေ ပြတ်လပ်တော့လည်း ဒီမှာ သွားရေးလာရေးစရိတ်တွေ အရမ်းပဲ များတာပေါ့နော်။ နောက် ရာသီဥတုဒဏ်ကလည်း တော်တော်လေး ခံရတယ်”လို့ ပြောပါတယ်။
သုတေသန တွေ့ရှိချက်တွေအရ ပဋိပက္ခဒဏ်ခံနေရတဲ့ အမျိုးသမီးတွေဟာ ထိခိုက် ခံစားရသူတွေ ဖြစ်သလို မိသားစုနဲ့ ရပ်ရွာအတွင်း တာဝန်တွေလည်း ပိုမိုထမ်းဆောင်နေရတယ်လို့ ဆိုပါတယ်။
အမျိုးသမီးတွေဟာ လုံခြုံရေးအခက်အခဲတွေ၊ ရွှေ့ပြောင်းသွားလာရာမှာ ကြုံတွေ့ရတဲ့ အန္တရာယ်တွေနဲ့ အကြမ်းဖက်ခံရနိုင်တဲ့ အန္တရာယ်တွေကိုလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကျား မ အခြေပြုအကြမ်းဖက်မှုတွေ ပိုမိုများပြားလာတယ်လို့ ဒီသုတေသနဆွေးနွေးပွဲရဲ့ စကားဝိုင်းဆွေးနွေးမှု အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးအရေး ဆောင်ရွက်သူ နော်ဆူဇန်နာလှလှစိုးက ပြောပါတယ်။
တရားဥပဒေစိုးမိုးရေး အားနည်းလာတာနဲ့ တရားစီရင်ရေးယန္တရားတွေ အားနည်းလာတာကလည်း အကြမ်းဖက်မှုတွေ တိုးလာစေတဲ့ အကြောင်းရင်းတခုဖြစ်တယ်လို့ သူက ဆိုပါတယ်။
NUG အကြံပေးပုဂ္ဂိုလ် နော်ဆူဇန်နာလှလှစိုးက “အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဂျန်ဒါ အခြေပြု အကြမ်းဖက်မှုတွေကတော့ များလာတယ် ပေါ့နော်။ တော်တော်လေးကို များလာတယ်။ နံပါတ်တစ်ကတော့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ အပြင်ကို တရားဥပဒေ စိုးမိုးမှု အားနည်းသွားတာကြောင့်လည်း ပါတယ်နော်။ အဲ့ဒီတော့ ကျမတို့ ခါတိုင်း လုပ်နေကျ ပညာပေး လုပ်ငန်းတွေ၊ တရားစီရင်မှု လုပ်ငန်းတွေကလည်း နှောင့်နှေးတယ်ပေါ့နော်။ သိပ်ပြီးတော့လည်း ခရီးမတွင်ဘူး။ ဥပမာအားဖြင့် ဒီ တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူပြီးတော့ လုပ်ဆောင်နေတဲ့ တရားသူကြီးတွေလည်း ခြိမ်းခြောက်ခံရတယ် ပေါ့နော်။ ကျမတို့ တရားသူကြီး တဦးဆိုရင် အမျိုးသမီး သူကိုယ်တိုင် အကြမ်းဖက်ခံရပြီးတော့ အသတ်ခံရတယ်။ အဲ့ဒါမျိုးတွေ ရှိတဲ့အတွက်ကြောင့် ဒီလိုမျိုးဟို mechanism တွေ အားနည်းတဲ့အတွက်ကြောင့် ဒီ အကြမ်းဖက်မှုတွေကလည်း ပိုပိုပြီးတော့ များလာတယ်လို့ တွေ့ရပါတယ်”လို့ ပြောပါတယ်။
ဒီသုတေသနဆွေးနွေးပွဲကိုတော့ ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံးက ကူညီပံ့ပိုးပေးထားတာလည်း ဖြစ်ပါတယ်။
ရန်ကုန်မြို့ ဩစတြေးလျသံရုံးမှ ဒုတိယအတွင်းဝန် ကွင်ဖရန့်ကလင်ရောဘတ်စ်က “ဒီကနေ့ တင်ပြသွားတဲ့ သုတေသနဟာ အထူးပဲ တန်ဖိုးရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေသတွင်း ထွက်ပေါ်လာတဲ့ အချက်အလက် သက်သေတွေရဲ့ အရေးပါမှုကို ပိုမိုခိုင်မာစေလို့ ဖြစ်ပါတယ်။ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေဟာ ဒေသတွင်း အသိပညာ၊ လက်တွေ့ဘဝ အတွေ့အကြုံတွေနဲ့ လူမှုအသိုက်အဝန်းရဲ့ ဦးစားပေး လိုအပ်ချက်တွေအပေါ် အခြေခံမှသာလျှင် အထိရောက်ဆုံး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီကနေ့မှာ သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေအတွက် ခိုင်မာတဲ့ မိတ်ဖက်အဖြစ် ဆက်လက် ရပ်တည်သွားမှာဖြစ်ပြီး၊ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ပံ့ပိုးကူညီခြင်းဟာ အဲ့ဒီကတိကဝတ်ရဲ့ ဗဟိုအချက်အချာအဖြစ် ဆက်လက်ရှိနေဦးမယ်ဆိုတာကို ထပ်လောင်းအတည်ပြုခွင့်ရတဲ့အတွက် များစွာ ကျေးဇူးတင်ရှိပါတယ်”လို့ ပြောပါတယ်။
သုတေသနတွေ့ရှိချက်တွေအပေါ် အခြေခံပြီး ပဋိပက္ခဒဏ်သင့်ဒေသက အမျိုးသမီးတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီတွေအပြင် ရေရှည်မှာ အမျိုးသမီးတွေကိုယ်တိုင် ဦးဆောင်နိုင်တဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ ရာသီဥတုဒဏ်ခံနိုင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် နည်းပညာနဲ့ ငွေကြေးပံ့ပိုးမှုတွေ လိုအပ်တယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူတွေက ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်း ငွေစုငွေချေးလုပ်ငန်းတွေ၊ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေကို တုံ့ပြန်နိုင်မဲ့ ယန္တရားတွေ၊ မြေပြင်အချက်အလက်ကောက်ယူသူတွေကို ပံ့ပိုးပေးရေးနဲ့ အကြမ်းဖက်ခံရသူတွေအတွက် လုံခြုံတဲ့ နေရာတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။











