DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖျက်ဆီးသွားသည့် YDF တပ်ရင်း-၁၅ ရွှေစွန်ညိုစခန်း အကူအညီလိုအပ်နေ
DVB
·
July 7, 2022
စစ်ကောင်စီတပ်ဖျက်ဆီးသွားသည့် YDF တပ်ရင်း-၁၅ ရွှေစွန်ညိုစခန်း အကူအညီလိုအပ်နေ
Donate to DVB

မကွေးတိုင်း၊ ထီးလင်းမြို့နယ် YDF တပ်ရင်း-၁၅ ရွှေစွန်ညိုစခန်းကို စစ်ကောင်စီတပ်တွေက မီးရှို့ ဖျက်ဆီးသွားလို့ အကူအညီတွေလိုအပ်နေတယ်လို့ YDF တပ်ရင်း-၁၅ က ဇူလိုင် ၆ ရက် ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၉ ရက်‌က ရွှေစွန်ညိုတပ်ရင်းမှ ရဲဘော်တွေနဲ့ ထီးလင်းမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာတဲ့စစ်‌ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်တနေ့ ဇွန် ၃၀  ရက်မှာ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရွှေစင်ညို)တပ်ရင်းကို သိမ်းပိုက်ဖျက်ဆီးခံလိုက်တာ ဖြစ်ပါတယ်။

မကွေးတိုင်းနဲ့ ချင်းပြည်နယ်အစပ်မှာလည်း အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ CDF-မင်းတပ်တို့ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့တယ်လို့ YDF တပ်ရင်း-၁၅ ရွှေစွန်ညိုတပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီးက ဒီဗွီဘီကို ပြောပါတယ်။

CDF နဲ့ တိုက်ပွဲဖြစ်တာ အထိနာခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ယောနယ်ဘက်ကို ဆုတ်လာတဲ့အချိန်မှာ ရွှေစွန်ညိုစခန်းကိုဝင်ပြီး မီးရှို့ ဖျက်ဆီးသွားကြတာလို့ ဆိုပါတယ်။

“ချင်းပြည်နယ်အစပ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲက ကျနော်တို့စခန်းနဲ့ ပိုနီးကပ်တယ်။ ကျနော်တို့အဖွဲ့တွေကလည်း မြေပြန့်မှာပဲ တိုက်ပွဲဖော်ဆောင်နေတာဗျ။ အသုံးပြုလို့ အဆင်မပြေတဲ့ လက်လုပ်သေနတ်တွေ၊ တူမီးတွေနဲ့ လက်နက်ခဲယမ်းတွေ ပစ္စည်းတွေနဲ့ တပ်ဖွဲ့ဝင်တချို့ပဲ စခန်းမှာ ကျန်ခဲ့ကြတာ။ ကျနော်တို့က အောက်ဘက်မှာ တိုက်ပွဲဖြစ်နေတော့ စခန်းကိုလည်း မကာကွယ်နိုင်သလို CDF-မင်းတပ်နဲ့လည်း မပူးပေါင်းနိုင်ခဲ့ဘူး။”လို့ ရွှေစွန်ညိုတပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုကျော်ကြီးက ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံရတာကြောင့် ဆိုင်ကယ် ၁၁ စီး၊ ဆိုလာပြားတွေ၊ တပ်ဖွဲ့ အသုံးအဆောင် ပစ္စည်းတွေနဲ့ လက်နက်ခဲယမ်းတွေ ကျပ်သိန်း ၂၀၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့  သိရပါတယ်။

ကိုကျော်ကြီးက “ကျနော်တို့တွေ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ ပြည်သူတွေရဲ့ ချွေးနှဲစာနဲ့ တည်ဆောက်ထားတဲ့ စခန်းကို အကာအကွယ် မပေးနိုင်ခဲ့တဲ့အတွက်လည်း တော်တော်လေး စိတ်ထိခိုက်ခဲ့ရတယ်။ ပြည်တွင်းပြည်ပမှာရှိတဲ့ မိဘပြည်သူတွေ အနေနဲ့လည်း YDF ရွေစွန်ညိုတပ်ရင်းစခန်း ပြန်လည်တည်ဆောက်နိုင်ဖို့အတွက် တတ်နိုင်သရွေ့ ထောက်ပံ့ကူညီ ပေးကြဖို့ အကူညီတောင်းခံပါတယ်” လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ ဇူလိုင် ၂ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီတပ်တွေနဲ့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၅ ယောက်ထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013