
မကွေးတိုင်း၊ ဆောမြို့က စစ်ကြောင်းဟာ ကျောက်ထုနယ်ဘက်ကိုသွားတဲ့ လမ်းတလျှောက်မှာ ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာ၊ အတင်းအကျပ် ဖမ်းဆီး စစ်မှုထမ်းခိုင်းတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ယောဒေသမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းလာရာလမ်းကြောင်းနဲ့ နီးတဲ့ ကျေးရွာက ပြည်သူတွေကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြဖို့ ယောဒေသ ကာကွယ်ရေးတပ် (YDF) က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်တပ်ဟာ ယောဒေသ တောင်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းကို စစ်အင်အား ထောင်ချီနဲ့ အလုံးအရင်း ထိုးစစ်ဆင် ဝင်ရောက်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
မကွေးတိုင်း၊ ဆိပ်ဖြူ ကပစဘက်က ထွက်လာတဲ့ စစ်ကြောင်းဟာ မေ ၁၂ ရက်မှာ ဆောမြို့ကို ဝင်ပြီးတဲ့နောက် ကျောက်ထုမြို့ဘက်ကို တက်လာတဲ့အတွက် စစ်ကြောင်းရွေ့နေတဲ့ လမ်းတလျှောက်က ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ ယောဒေသထဲက မြို့နယ်တွေကို စစ်ကြောင်းထိုးပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် မတရားအသုံးပြုတာ၊ လူငယ်အမျိုးသားတွေကို အတင်းအကျပ် ဖမ်းဆီး စစ်မှုထမ်းခိုင်းတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကိုလည်း ကျူးလွန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ယောဒေသမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ စစ်ကြောင်းလာရာ လမ်းကြောင်းနဲ့ နီးတဲ့ ကျေးရွာက ပြည်သူတွေကို လုံခြုံဘေးကင်းရာနေရာတွေကို အမြန်ဆုံး ပြောင်းရွှေ့နေထိုင်ကြဖို့ ယောဒေသ ကာကွယ်ရေးတပ် (YDF) က ထုတ်ပြန်ထားပါတယ်။
YDF တာဝန်ရှိသူတယောက်က “အဓိကက War Zone ပေါ့လေ၊ တိုက်ပွဲဇုန်ထဲမှာရှိတဲ့ ပြည်သူတွေကို ဆောင်ရန်ရှောင်ရန် ကိစ္စတွေကို လက်တွေ့ကျကျ ကူညီပူးပေါင်းပြီးတော့ လုပ်ပေးနေတာတွေ ရှိပါတယ်။ တချို့ ကယ်ထုတ်နေတာတွေလည်း ကယ်ထုတ်နေတယ်။ လုပ်ပေးစရာရှိတာတွေလည်း ရှိပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့က လက်ရှိ အခြေအနေက ကျနော်တို့ ယောဒေသကို ဘယ်လောက်ကာကွယ်နိုင်မလဲ၊ ကျနော်တို့ ယောဒေသ ပြည်သူတွေကို ဘယ်လောက်အထိ ဘေးကင်းအောင် လုပ်ပေးနိုင်မလဲပေါ့လေ” လို့ ပြောပါတယ်။
အဲဒီစစ်ကြောင်း ထွက်လာပြီးနောက်ပိုင်း ဆောမြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်အကြားကို အင်အားဖြည့်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါကြောင့် ဒေသခံပြည်သူတွေ အနေနဲ့ လုံခြုံတဲ့နေရာတွေမှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းနဲ့ သဲအိတ်တွေကို ကြိုတင်ပြင်ဆင်ထားကြဖို့နဲ့ လေကြောင်းသတင်းတွေကို သတိထား စောင့်ကြည့်နေဖို့ လိုတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်ကို ထိုးစစ်ဆင်တဲ့ စစ်ကြောင်းက ပါလာတဲ့ စစ်တပ်အင်အား ၆၀၀ လောက်က ဆောမြို့နယ်၊ ကျောက်ထုမြို့ကို မေ ၂၇ ရက် ညနေပိုင်းမှာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့် စစ်ကြောင်းနဲ့နီးတဲ့ ကျေးရွာတွေက ပြည်သူအယောက် ၂၀,၀၀၀ ကျော် အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဆောမြို့နယ်က စစ်ရှောင်တယောက်က “၁၀ မိုင်အကွာဘက်ကို ရွေ့တယ်၊ တချို့ကလည်း ၄ မိုင်လောက် အကွာဘက်ပေါ့၊ နေရေးထိုင်ရေး နွေရာသီဆိုတော့ ရေပြဿနာလေးလည်းရှိတော့ ရေရှိတဲ့နေရာကို ရွှေ့ရတာပေါ့။ အဆောက်အအုံလည်း အဆင်သင့်ရှိမဲ့ နေရာမျိုး၊ စာသင်ကျောင်းလေးတွေ ဘုန်းကြီးကျောင်းလေးတွေ ရွှေ့ရတာပေါ့။ အခုက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းလေးမှာ ကျောင်းမဖွင့်သေးဘူးဆိုတော့ ဒီတိုင်းပဲ နေသေးတယ်။ စစ်ကြောင်း အခြေအနေလေး နားထောင်ပြီး။ ဒီလိုတော့ သူတို့လည်း တော်လှန်ရေးနဲ့ပဲ လုံးနေတော့ သူတို့က နေထိုင်လို့ ရတာ မရတာ ဒီလိုညွှန်ကြားပေးတာပဲ ရှိတယ်။ သူတို့က ဒီနားနေလို့ မရဘူးဆိုရင်တော့ ရွှေ့ရတာပေါ့” လို့ ပြောပါတယ်။
မေ ၁၂ ရက်ကစပြီး ဆောကနေ ကျောက်ထုနယ်ဘက်ကို ထွက်လာတဲ့ စစ်ကြောင်းဟာ မေ ၁၈ ရက်ကနေ မေ ၂၅ ရက်အထိ ဖြတ်သန်းလာတဲ့ ကျေးရွာတွေက ဆရာတော်တပါး အပါအဝင် ပြည်သူ ၅ ယောက်ကို နှိက်စက်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သီရိ










