
ယောဒေသတောင်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်း မြို့ရွာတွေကို အင်အားထောင်ချီ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ စစ်အာဏာရှင်တပ်ဟာ လူသားဒိုင်းလုပ်တာ၊ လူငယ်အမျိုးသားတွေကို ဖမ်းဆီး စစ်မှုထမ်းခိုင်းတာနဲ့ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေ ကျူးလွန်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘေးကင်းရာကို ပြောင်းရွှေ့နေကြဖို့ ယောကာကွယ်ရေးတပ် (YDF) က မေ ၂၅ ညမှာ အသိပေးထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်တပ်ဟာ အင်အားထောင်ချီပါတဲ့ မြေပြင်တပ်တွေကို အသုံးပြုနေသလို လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့လည်း ဗုံးကြဲပစ်ခတ်နေပြီး မိမိတို့ဘက်ကလည်း အင်အားအလုံးအရင်းနဲ့ အဲဒီစစ်ကြောင်းကို ခုခံနေတယ်လို့ YDF က ဖော်ပြပါတယ်။
စစ်အာဏာရှင်တပ်ဟာ စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် မိဘပြည်သူတွေအနေနဲ့ လုံခြုံရာအရပ်မှာ ဗုံးခိုကျင်း၊ ကတုတ်ကျင်းနဲ့ သဲအိတ်တွေကို အသင့်ပြင်နေထိုင်ကြဖို့ YDF က သတိပေးပါတယ်။
မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိပေးချက်တွေ၊ လုံခြုံရေးအရ လမ်းကြောင်းပိတ်ဆို့မှုတွေကို နားလည်ပေးဖို့နဲ့ ကျန်းမာရေးအရ အရေးပေါ်သွားရမယ်ဆိုရင် သက်ဆိုင်ရာ နယ်မြေတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ညှိနှိုင်းသွားကြဖို့လည်း YDF က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် ယောဒေသတောင်ပိုင်းနဲ့ ချင်းပြည်နယ်တောင်ပိုင်းကို ပြန်လည်ထိန်းချုပ်စိုးမိုးဖို့ ကြိုးစားလာတဲ့ စစ်အာဏာရှင်တပ်ကို YDF နဲ့ မဟာမိတ်တွေဟာ ခုခံကာကွယ်နေတယ်လို့လည်း ဖော်ပြပါတယ်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က “ချင်းပြည်တောင်ပိုင်း၊ ယောဒေနဲ့ ပုံတောင်ပုံညာ (တောင်တန်း) မှာ စကမ (စစ်အာဏာရှင်တပ်) အင်အား ၁,၀၀၀ ကျော်နဲ့ ကျနော်တို့ စစ်ဆိုင်ထားပါတယ်။ စကမတပ်တွေနဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ ၁၀ ရက်ဝန်းကျင် ရှိနေပါပြီ” လို့ မေ ၂၅ မှာ လူမှုကွန်ရက်ကတဆင့် အသိပေးပါတယ်။
CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ ချင်းတောင်ပိုင်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စစ်အာဏာရှင်တပ်က မနားတမ်း လေကြောင်းတိုက်ခိုက်နေပြီး မြေပြင်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဆလိုင်းယောမာန်က အသိပေးပါတယ်။
စစ်တပ် ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမဲ့လည်း စစ်တပ်က နောက်ထပ်စစ်ကူအင်အား ၁,၀၀၀ ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်ပြီး ပြင်းထန်မဲ့သဘော ရှိပါတယ်လို့ သူက လူမှုကွန်ယက်ကတဆင့် အသိပေးတယ်။
ဒါကြောင့် ရှေ့တန်းရဲဘော်တွေအတွက် လိုအပ်တဲ့ အကူအညီတွေပေးနိုင်ဖို့ မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီ လှူဒါန်းပေးကြဖို့ သူက တောင်းဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်း ချင်းပြည်နယ်တခုလုံးနီးပါးကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းဆည်းထားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်တပ်တွေဟာ မြို့တော် ဟားခါးလောက်မှာသာ ကျန်တော့တာပါ။
အဲဒီနောက် စစ်မှုထမ်းဥပဒေကို အဓမ္မအသက်သွင်း လူစုပြီးနောက် စစ်အာဏာရှင်တပ်ဟာ ချင်းပြည်နယ်ကို ပြန်လည်ထိုးစစ်ဆင်နေပြီး အခုအခါ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့တွေကို ပြန်ရခဲ့ပြီး ဖြစ်သလို အခု ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့တွေကို ပြန်သိမ်းနိုင်ရေး ဦးတည်နေတာ ဖြစ်ပါတယ်။










