DVB Logo
Home
မြန်မာသတင်း
မုံတိုင်ပင်ရွာသား ၂၉ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု သက်သေ NUG ရရှိထား (ရုပ်သံ)
DVB
·
July 7, 2022
မုံတိုင်ပင်ရွာသား ၂၉ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှု သက်သေ NUG ရရှိထား (ရုပ်သံ)
Donate to DVB

အကြမ်းဖက်စစ်ကောင်စီတပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားစေခဲ့တဲ့ သက်သေခံ ရုပ်သံဗွီဒီယိုတွေ ရရှိထားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ မေ ၁၁ ရက်က စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲက မုံတိုင်ပင်ရွာသား ၂၉ ယောက်ကို စစ်ကောင်စီတပ်သားတွေက ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး သတ်ဖြတ်ခဲ့ကြောင်း ထင်ရှားတဲ့ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေ ပါဝင်တဲ့ စစ်ကောင်စီတပ်သားတယောက်ရဲ့ OPPO တံဆိပ် အနီရောင်ဖုန်းတလုံးကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လနောက်ဆုံးပတ်မှာ ရရှိထားခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဒီဖုန်းကို စစ်ရာဇဝတ်မှု သက်သေခံပစ္စည်းအဖြစ် ထိန်းသိမ်းထားကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။

မကြာသေးခင်ကလည်း စစ်ကောင်စီတပ်တွေက ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ အကြောင်း ဂုဏ်ယူစွာပြောပြနေတဲ့ ရုပ်သံမှတ်တမ်းအထောက်အထားတွေကို   RFA သတင်းဌာနက ရရှိလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းထားတဲ့ ကာလဟာ ၁ နှစ်ခွဲနီးပါး ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပြီး စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ အပြစ်မဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကိုလည်း ကျူးလွန်နေတာပါ။

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးကလည်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ စနစ်တကျ ပါဝင်နေပြီး စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အများအပြား ရှိနေကြောင်း ပြီးခဲ့တဲ့ မတ် ၁၅ ရက်မှာ ပြောကြားလိုက်ပြီး မြန်မာနိုင်ငံက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုလည်း ရှုတ်ချထားပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက်မှုတွေ ရပ်တန့်သွားအောင် ချက်ချင်းလုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး ထုတ်ပြန်တဲ့ လူ့အခွင့်အရေး အစီရင်ခံစာမှာတော့ ကုလသမဂ္ဂ အစီရင်ခံစာဟာ ဖမ်းဆီးနှိပ်စက်ခံရသူတွေနဲ့ မျက်မြင်သက်သေတွေရဲ့ တွေ့ဆုံမေးမြန်းမှုတွေအပေါ် အခြေခံထားတာဖြစ်ပြီး အတည်ပြုထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ စစ်ဆေးထားတဲ့ မာလ်တီမီဒီယာဖိုင်တွေ၊ အများသိ လူတိုင်းသိ အချက်အလက်တွေနဲ့ အတည်ပြုထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်းထားပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ရေးအတွက် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်ဟာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်မှု မရှိစေဖို့ ပြစ်မှုကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် အများပြည်သူအနေနဲ့ အဆိုပါ စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့နဲ့ ဖြစ်ပွားနေတဲ့ စစ်ရာဇဝတ်မှုတွေကို သတင်းပေး တိုင်ကြားနိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013