DVB Logo
Home
မြန်မာသတင်း
နှစ် ၆၀ ပြည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်နှင့် လောင်းလုံးတွင် ပြုလုပ်
DVB
·
July 7, 2022
နှစ် ၆၀ ပြည့် ဆဲဗင်းဇူလိုင် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်နှင့် လောင်းလုံးတွင် ပြုလုပ်
1 / 10
Donate to DVB

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ ဆဲဗင်းဇူလိုင် နှစ် ၆၀ ပြည့် အထိမ်းအမှတ်အနေနဲ့ ဒီကနေ့ ဇူလိုင် ၇ ရက် မနက်ပိုင်းက “ဘယ်တော့မှမမေ့နဲ့ ဇူလိုင် ၇ ရက်” ဆိုတဲ့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ LGBT၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ အခြေခံပညာကျောင်းသူ ကျောင်းသားတွေ ပါဝင်ခဲ့ကြပြီး “ဆဲဗင်းဇူလိုင်” နဲ့ ပတ်သက်ပြီးလည်း ဟောပြောခဲ့ပါတယ်။

လှုပ်ရှားမှုမှာပါဝင်တဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင်တဦးက “၁၉၆၂ ဇူလိုင် ၇ ရက်မှာ စစ်တပ်က ကျောင်းသားရာချီ သတ်ဖြတ်ခဲ့တယ်။ အဲနေ့မှာတင်မဟုတ်ဘူး အခုထိလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို စစ်တပ်က သတ်ဖြတ်နေတုန်းပဲ။ ဒါကြောင့် ကျနော်တို့က ဆဲဗင်းဇူလိုင် အပါအဝင် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက် အသက်ပေးသွားခဲ့ရသူတွေရဲ့စိတ်ဓာတ် ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ရဦးမယ်” လို့ ပြောပါတယ်။

ထားဝယ်မြို့မှာလည်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ထားဝယ်သပိတ်အင်အားစုနဲ့ တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဒီနေ့ ဇူလိုင် ၇ ရက် မနက်စောစောပိုင်းက ပြုလုပ်ခဲ့ပါတယ်။

“ဖောက်ပြန်သူအပေါင်း တီးတဲ့စောင်းမှာ ခွပ်ဒေါင်းဘယ်ခါမကပါ”၊ “ဆဲဗင်းဇူလိုင် စိတ်ဓာတ်ကိုင်စွဲ တိုက်ပွဲဝင်ကြ” စတဲ့ ဘန်နာတွေချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ ဖြန့်ဝေတာ၊ ဆေးနီပက်ဖျန်းတာနဲ့ တော်လှန်ရေးသီချင်းတွေ ဖွင့်ထားတယ်လို့ တပ်ပေါင်းစုသပိတ်ကော်မတီ - ထားဝယ်က ထုတ်ပြန်ထားပါတယ်။

ထားဝယ်မြို့ပေါ်မှာ နေ့စဉ်ရက်ဆက် နေ့ရောညပါ စစ်ကောင်စီတပ်ဖွဲ့က တော်လှန်ရေးအင်အားစုတွေကို ဖမ်းဆီးနေတဲ့ကြားက လှုပ်ရှားဆောင်ရွက်ခဲ့ရတာလို့ ပါဝင်လှုပ်ရှားသူတဦးက ပြောပါတယ်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်က ၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်း မတရားဖိနှိပ်ချုပ်ခြယ်တဲ့ တက္ကသိုလ်အက်ဥပဒေနဲ့ ကျောင်းဆောင်စည်းကမ်းတွေကို ကန့်ကွက်ကြောင်း ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြတဲ့ ကျောင်းသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် ကျောင်းသားရာချီ သေဆုံးပြီး ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့ပါတယ်။

ဒါ့အပြင် နောက်တရက် ဇူလိုင် ၈ ရက်၊ မနက်ပိုင်းမှာတော့ နယ်ချဲ့ဆန့်ကျင်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ကျောင်းသားလှုပ်ရှားမှုတွေကို အစပြုခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အအုံကို စစ်တပ်ကနေ ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013