DVB Logo
Home
မြန်မာသတင်း
ခေတ်အဆက်ဆက် စနစ်ဆိုးတော်လှန်တိုက်ပွဲဝင် ကျောင်းသားအပေါင်းကို ဦးညွှတ်ဂုဏ်ပြုကြောင်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ် NUG ထုတ်ပြန်
DVB
·
July 7, 2022
ခေတ်အဆက်ဆက် စနစ်ဆိုးတော်လှန်တိုက်ပွဲဝင် ကျောင်းသားအပေါင်းကို ဦးညွှတ်ဂုဏ်ပြုကြောင်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ် NUG ထုတ်ပြန်
Donate to DVB

လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနဲ့ အမှန်တရားအတွက် အသက်နဲ့ဘဝကို ပဓာနမထားပဲ ခေတ်အဆက်ဆက် ယုံကြည်ရဲရင့်စွာနဲ့ စနစ်ဆိုးတွေကို တော်လှန် တိုက်ပွဲဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တော်လှန်ရေး ရဲဘော်အပေါင်းကို လေးစားစွာနဲ့ ဦးညွှတ်ဂုဏ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

ဇူလိုင် ၇ ရက် ဒီကနေ့ ကျရောက်တဲ့ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ခုလိုရေးသားဖော်ပြလိုက်တာပါ။

၁၉၆၂ ခုနှစ်၊ မတ် ၂ ရက်မှာ အာဏာရှင်ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက လူထုတရားဝင်ရွေးကောက်ထားတဲ့ အစိုးရကို လက်နက်အားကိုးနဲ့ ဖြုတ်ချကာ အာဏာသိမ်းယူလိုက်ပြီး နောက် တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းကာ တက္ကသိုလ်ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ် နှိပ်ကွပ်တဲ့ လုပ်ရပ်တွေကို စတင်ခဲ့တာ ဖြစ်ပါတယ်။

အာဏာတည်မြဲရေးအတွက် တက္ကသိုလ်ရဲ့ အသက်ဝိဉာဉ် ဖြစ်တဲ့ လွတ်လပ်ငြိမ်းချမ်းမှုကို ကန့်သတ်ထိန်းချုပ်လိုတဲ့ စစ်အာဏာရှင်ရဲ့လုပ်ရပ်ကို လက်မခံဘဲ  ကျောင်းသားထုတရပ်လုံးက အုံကြွဆန့်ကျင်ခဲ့ကြရာမှာတော့ စစ်အာဏာရှင်ရဲ့ လက်ပါးစေတပ်တွေက ပညာတတ် နိုင်ငံရေးခေါင်းဆောင်တွေ သန္ဓေတည်ရာ အမိတက္ကသိုလ်မြေကို သွေးစွန်းစေခဲ့ပြီး သမဂ္ဂ အဆောက်အအုံကို ဖြိုဖျက်ခဲ့ကြတာ ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးလိုတဲ့ ယုတ်ညံ့တဲ့ စိတ်နဲ့ ဖိနှိပ်ချုပ်ချယ်မှုကို မလိုလားပဲ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်လန်းတိုးတက်ချင်ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့ လွတ်လပ်တဲ့ စိတ်တို့ဟာ ခေတ်အဆက်ဆက် ဆန့်ကျင်ဘက် ဖြစ်ခဲ့ပြီး စစ်အာဏာရှင်အဆက်ဆက်ဟာ ကျောင်းသားထုရဲ့ သမဂ္ဂစိတ်ဓါတ်ကို ဖြိုဖျက်နိုင်စွမ်း မရှိခဲ့ကြတာကို အခုနွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ တော်လှန် တိုက်ပွဲဝင်နေကြတဲ့ လူငယ်ထုက သက်သက်ပြနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သမိုင်းခေတ်တွေအတွင်း အသိဉာဏ်ကင်းမဲ့ပြီး လက်နက်အားကိုးတဲ့ စစ်အာဏာရှင်တွေက တိုင်းပြည်ရဲ့အနာဂတ် ကျောင်းသားလူငယ်တွေကို အကြောင်းမဲ့ သတ်ဖြတ်ညှဉ်းပန်းမှုတွေကို ရပ်တန့်နိုင်ခြင်းမရှိခဲ့ဘဲ ၂၁ ရာစုအထိ ဆက်လက်ကျူးလွန်နေကြတာဟာ ကျူးလွန်သူ စစ်အာဏာရှင်တွေ အပြစ်ပေးခံရခြင်းကနေ ကင်းလွတ်ခဲ့ကြတာကြောင့်ဖြစ်ကြောင်း ထင်ရှားနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ မြန်မာ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်စေတဲ့၊ လက်နက်မဲ့ကျောင်းသားလူငယ်တွေကို လက်နက်နဲ့ အနိုင်ကျင့် သတ်ဖြတ်မှုကို အားပေးတဲ့ စစ်အာဏာသိမ်းမှုတွေကို အပြီးသတ်အမြစ်ဖြတ်ပြီး နောင်အနာဂတ်မှာ ဘယ်သောအခါမှ ထပ်မံပေါ်ပေါက် လာမှုမရှိစေရေးနဲ့ ရာဇဝတ်မှုကျူးလွန်ခဲ့ကြတဲ့ စစ်အာဏာရှင်တွေ အပြစ်ပေးအရေးယူခံရမှုကို သေချာစေရေး အခုနွေဦးတော်လှန်ရေးမှာ ရည်မှန်းချက်ထားကာ ကျောင်းသားထုရဲ့ သမဂ္ဂစိတ်ဓာတ်၊ ပြည်သူလူထုတရပ်လုံးရဲ့ စိတ်ပိုင်းဖြတ်ချက်၊ တိုင်းသားလူမျိုးပေါင်းစုံမှ ခေါင်းဆောင်တွေအားလုံးရဲ့ အတွေ့အကြုံတို့ ပေါင်းစပ်ကာ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မမေ့အပ်တဲ့ ဆဲဗင်းဂျူလိုင် အရေးတော်ပုံကို ဦးညွတ်ရင်း သံန္နိဋ္ဌာန်ပြုကြောင်း NUG အစိုးရက ထုတ်ပြန်ထားပါတယ်။

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ နှစ် ၆၀ ပြည့် အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင် လှုပ်ရှားမှုတွေကို  နိုင်ငံတဝန်းက ကျောင်းသားလူငယ်တွေကလည်း ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013