
နေပြည်တော်မှာ ဖမ်းဆီးအကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေရာပြောင်းရွှေ့ ချုပ်နှောင်လိုက်တယ်လို့ စစ်အာဏာရှင်က ဧပြီ ၃၀ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် နေရာပြောင်းချုပ်နှောင်ထားလိုက်တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၅၊ ပုဒ်မခွဲ (၁) အရ ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကို သတ်မှတ်ထားတဲ့ နေအိမ်မှာပဲ ဆက်လက်ကျခံသွားရမယ်လို့ ဆိုပါတယ်။
အခုလို ပြောင်းရွှေ့ပေးရတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတွေအရ ပိုမိုသက်သောင့်သက်သာရှိစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ ထုတ်ပြန်ထားပေမဲ့ ကျန်းမာရေးအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ပြန်သွားတာ မရှိပါဘူး။
စစ်တပ်ဘက်က ထုတ်ပြန်လာတဲ့ သတင်းထဲမှာ တွေ့ရတဲ့ လူထုခေါင်းဆောင်ရဲ့ ပုံရိပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် ထုတ်ပြန်လာတဲ့ ဓာတ်ပုံလည်း ဖြစ်ပါတယ်။
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ကျန်းမာနေကြောင်း သက်သေပြဖို့ စစ်အာဏာရှင်ကို တောင်းဆိုတဲ့ “Proof of Life” လှုပ်ရှားမှုကို သူ့ရဲ့သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြီး ကမ္ဘာတဝန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီးနောက် စစ်အာဏာရှင်က နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာပါ။
အခုလို ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်ပြောင်းရွှေ့လိုက်တာဟာ ဓားစာခံအဖြစ် ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး ယုံကြည်ခိုင်မာရတဲ့ သက်သေပြပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ထပ်မံတောင်းဆိုပါတယ်။
“သူ့ကို ရွှေ့ပြောင်းခြင်းက လွှတ်ပေးခြင်း မဟုတ်ပါဘူး။ ထောင်ဒဏ်လျှော့ပေါ့ခြင်းနဲ့ မသိနိုင်တဲ့ နေရာတခုကို ရွှေ့ပြောင်းခြင်းဟာ အခြေအနေကို မပြောင်းလဲစေပါဘူး။ မေမေဒေါ်အောင်ဆန်းစုကြည်ဟာ အခုထိ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းထားခံနေရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေဆဲပါ။ သားတယောက်အနေနဲ့ ကျနော့်မှာ ဘာသတင်းအချက်အလက်မှ မရရှိသေးပါဘူးေ ကျနော့်ရဲ့ တောင်းဆိုချက်က ရိုးရှင်းပါတယ်။ မေမေ အသက်ရှင်နေကြောင်း အတည်ပြုနိုင်တဲ့ အချက်အလက်၊ သူမနဲ့ ဆက်သွယ်နိုင်ခွင့်၊ နဲ့ သူမ လွတ်မြောက်ရေးပါ အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ ယုံကြည်ခိုင်မာရတဲ့ သက်သေ ပြပါ။”
ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီက တောင်ပြိုကမ်းပြို အနိုင်ရခဲ့ပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD အစိုးရအဖွဲ့ဝင် အများစုကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် လူမြင်ကွင်းကနေ ဖျောက်ကွယ်ခဲ့တာဟာ အခုဆိုရင် ၅ နှစ်ကျော်ရှိပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနေရသူတွေကို ပြန်လွှတ်ပေးဖို့ အာဆီယံဥက္ကဋ္ဌအပါအဝင် နိုင်ငံတကာကလည်း တောင်းဆိုထားပါတယ်။










