DVB Logo
Home
မြန်မာသတင်း
တရုတ်ဝယ်လက်ကြောင့် မန္တလေး သရက်ဈေးကွက် ပြန်မြင့်တက်လာ
DVB
·
July 6, 2022
တရုတ်ဝယ်လက်ကြောင့် မန္တလေး သရက်ဈေးကွက် ပြန်မြင့်တက်လာ
1 / 2
Donate to DVB

စိန်တလုံးသရက် လှိုင်လှိုင်ပေါချိန်မှာ စင်ကာပူဈေးကွက်ကို မြန်မာ့သရက်သီးတွေ တင်ပို့ချိန်က ညှာရင်းပုပ်တာတွေကြောင့် ဈေးကွက်ပျက်ခဲ့ပြီး အခုအချိန်မှာတော့ တရုတ်နိုင်ငံက ဈေးကောင်းပေးဝယ်ယူနေတယ်လို့ သရက်သီး စိုက်ပျိုးတင်ပို့သူများအသင်းက သိရပါတယ်။

လက်ရှိမှာ ရှမ်းပြည်နယ်က ထွက်ရှိနေတဲ့ စိန်တလုံးသရက်တွေဟာ အရည်အသွေးကောင်းတာကြောင့် သရက်တခြင်းကို တရုတ်ယွမ်ငွေ ၁၅၀ နဲ့ ၁၆၀ ကြားမှာ ရရှိနေတယ်လို့ သိရပါတယ်။

မြန်မာ့သရက်ဖွံ့ဖြိုးတိုးတက်ရေးအသင်း တာဝန်ရှိသူတဦးက “ရှမ်းသီးတွေက ပြုစုမှုအားကောင်းတော့ ထွက်ရှိလာတဲ့ အသီးတွေက ကောင်းတယ်။ ဈေးကောင်းလည်းရနေတယ်။ စင်ကာပူကိုပို့တုန်းက တော်တော်ပြဿနာတက်ခဲ့တဲ့ ညှာရင်းပုပ်ရောဂါက ခူးတဲ့အချိန်မှာ မသိသာပေမဲ့လို့ စားသုံးသူလက်ထဲ ရောက်တဲ့အချိန်မှာ ဒီအသီးတွေက သွားပုပ်နေတော့ ဒီစိန်တလုံးသရက်သီးရဲ့ ပုံရိပ်ပေါ့နော်၊ ပုံရိပ်က နည်းနည်းလေး ကျဆင်းသွားတာကို သတိထားမိတယ်။ ကျဆင်းသွားတယ်ဆိုတာ ဒီနှစ် အားလုံးပါပဲ။ သတိထားမိကြတာ တချို့ ဒီသရက်သီးက အဲ့လိုဖြစ်တယ်ပေ့ါနော်။ ညှာရင်းပုပ်တာတွေ၊ ဖင်တွေဘာတွေ မည်းသွားတယ်နဲ့ ပြောကြတော့ အဲ့ဒါလေးတွေကျတော့ တောင်သူတွေအနေနဲ့ ဂရုစိုက်မယ်ဆိုရင် တချိန်မှာတေ့ာ ဈေးကွက် ပြန်ကောင်းလာနိုင်ပါတယ်။ ဒါတွေကိုလည်း ကျနော်က တောင်သူတွေကိုလည်း အသိပေးလိုက်ချင်တာ။ ဈေးကောင်းရသည်ဖြစ်စေ မရသည်ဖြစ်စေ ကိုယ့်ရဲ့ ထွက်လာတဲ့ သရက်သီးကတော့ ကိုယ်အရည်အသွေးကောင်းကောင်းလေးနဲ့ ထုတ်လုပ်နိုင်မယ်ဆိုရင်တော့ တချိန်မှာတော့ ဈေးကွက်ပြန်ရနိုင်မှာပါ” လို့ ပြောပါတယ်။

မနှစ်က ကိုဗစ်-၁၉ ရောဂါကြောင့် ဝယ်ယူမှုတွေ ကန့်သတ်စိစစ်ခဲ့တာကြောင့် သရက်ဈေးကွက်ပျက်ခဲ့ပြီး သရက်စိုက်တောင်သူတွေအနေနဲ့ အရှုံးပေါ်ခဲ့တာကြောင့် ဒီနှစ် သရက်ရာသီမှာ သွင်းအားစု လျှော့ပေါ့ခဲ့တာကြောင့် ညှာရင်းပုပ်ရောဂါတွေ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သရက်စိုက်တောင်သူတဦးက “ကျနော်တို့က ပေါ့လျော့မှုလေးတခုလေး ဖြစ်သွားလိုက်တဲ့အတွက် ကျနော်တို့ဈေးကွက်မှာ ထိခဲ့တယ်။ ကျနော်တို့ စင်ကာပူဈေးကွက်ကို ပို့ခဲ့တဲ့အချိန်မှာလည်း အဲ့ဒီပြဿနာ ပေါ်ခဲ့တယ်။ ပေါ်ခဲ့တဲ့အခါကျတော့ အသီးအရည်အသွေးကောင်းရင် ဈေးကောင်းရတယ်ဆိုတာ ကျနော်တို့က သုံးသပ်လို့ ရသွားတယ်။ အရည်အသွေးကောင်းတယ်ဆိုတာက ရိတ်သိမ်းချိန်ရော၊ မစိုက်ခင် အသီးမခူးဆွတ်ခင်ရော၊ ခူးဆွတ်ပြီးရော နည်းနည်းလေး ဂရုစိုက်လိုက်တယ်ဆိုရင်ပဲ ကျနော်တို့ အပြောင်းအလဲတခု ဖြစ်သွားတယ်။ အဲ့ဒီတော့ ဒီသရက်သီးကိုပေါ့နော် အိတ်မစွတ်ခင်မှာ ကျ‌နော်တို့ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ အဲ့ဒီလိုတွေ ဖျန်းထားမယ်။ ပြီးတော့ သင့်တင့်လျောက်ပတ်တဲ့ စိုက်ထုတ်မှု လုပ်မယ်ဆိုရင် အခွင့်အလမ်းကောင်းတွေ ရရှိလာနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သရက်ဈေးကွက်မှာ နိုင်ငံတကာနဲ့ချိတ်ဆက်ပြီး ပြုစုမှုအားကောင်းမယ်ဆိုရင် ဈေးကောင်းရရှိနိုင်ပြီး တိုင်းဒေသကြီးအလိုက် နှစ်စဉ် ထွက်ရှိမယ့် သရက်သီး အရေအတွက်တွေကို သိရှိမယ်ဆိုရင် ပိုမို ဈေးကွက်တိုးချဲ့လာနိုင်တယ်လို့ ဆိုပါတယ်။

ညှာရင်းပုပ်ရောဂါကြောင့် ကိုဗစ်မဟုတ်တဲ့ ရောဂါတွေ အသီးတွေမှာ ပါရှိလာမှာ စိုးတဲ့အတွက် ထိခိုက်မှုရှိတာကြောင့် တရုတ်နိုင်ငံက လက်လီအရောင်းနဲ့ သန့်ရှင်းရေးကို ကြပ်မတ်လိုက်တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မနှစ်ကတော့ ကိုဗစ်စည်းကမ်းနဲ့အညီ တင်ပို့ရတဲ့အတွက် ဈေးကွက်ပျက်ခဲ့ပြီး ဒီနှစ်မှာတော့ ရွှေဟင်္သာသရက်တခြင်းကို အနိမ့်ဆုံး ယွမ် ၁၀၀ ဝန်းကျင်လောက်မှာ ရောက်ရှိနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013