
မက္ကဆီကိုနိုင်ငံ အနောက်မြောက်ပိုင်းက ဆီနာလိုအာပြည်နယ်ရှိ အယ်လ်-ရိုဆာရီယို မြူနီစီပယ်ထဲက မိုင်းတွင်းတခုရဲ့ မြေအောက်ထဲမှာ လုပ်ဖော်ကိုင်ဘက် ၃ ယောက်နဲ့အတူ ၁၃ ရက်ကြာ ပိတ်မိနေခဲ့တဲ့ မိုင်းအလုပ်သမားတယောက်ကို ဧပြီ ၈ ရက်မှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အရပ်ဘက်ကာကွယ်ရေးအဖွဲ့ဝင်တွေဟာ အသက် ၄၂ နှစ်အရွယ် ဖရန်စ္စကို ဇိုပါတာကို မိုင်းတွင်းထဲကနေ မနက်ပိုင်းမှာ ကယ်တင်နိုင်ခဲ့တာလို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။
မက္ကဆီကိုသမ္မတ ကလောက်ဒီယာရှိန်းဘောင်းမ်က “ကံမကောင်းစွာဘဲ နောက်ထပ် အလုပ်သမားတဦးကိုလည်း တွေ့ရှိခဲ့ပေမဲ့ သူကတော့ အသက်မရှင်တော့ပါဘူး။ ကယ်ဆယ်ရမဲ့သူ တယောက်တော့ ကျန်နေသေးပါတယ်” လို့ ပြောပါတယ်။
ဗီဒီယိုမှတ်တမ်းတွေထဲမှာတော့ ကယ်ဆယ်ရေးသမားတွေဟာ ခါးလောက်ထိမြင့်တဲ့ ရေတွေထဲမှာ ပိတ်မိနေတဲ့ အဲဒီအလုပ်သမားကို စတင်တွေ့ရှိခဲ့တဲ့ အခိုက်အတန့်ကို မြင်တွေ့ရပါတယ်။
သူ့ကို မိုင်းတွင်းထဲကနေ ကားနဲ့ ပြန်ခေါ်ထုတ်လာပြီး အပူထိန်းစောင်နဲ့ ပတ်ပေးထားခဲ့သလို အဲဒီနောက်မှာတော့ အထူးကုဆရာဝန်တွေနဲ့ ကုသနိုင်ဖို့အတွက် မက္ကဆီကို လေတပ်ရဟတ်ယာဉ်နဲ့ မာဇတ်လန်း အထွေထွေရောဂါကု ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။
ဇိုပါတာကို မကယ်တင်နိုင်ခင် မတ် ၃၀ ရက်ကလည်း အလုပ်သမား ၄ ယောက်ထဲက တယောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။ အခုတော့ ကျန်နေသေးတဲ့ စတုတ္ထမြောက်လူကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
Source: Reuters











