DVB Logo
Home
မြန်မာသတင်း
သရက်ချောင်းတွင် စစ်ရှောင်ပြည်သူ ၆၀၀၀ ခန့်ထိတိုးလာ၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
DVB
·
July 6, 2022
သရက်ချောင်းတွင် စစ်ရှောင်ပြည်သူ ၆၀၀၀ ခန့်ထိတိုးလာ၊ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
1 / 3
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်အတွင်းမှာ အခုရက်ပိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများ ၆၀၀၀ ဝန်းကျင်အထိ တိုးလာတာကြောင့် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေတယ်လို့ တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်ကို ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ လောက်ရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှာတော့ ၁၀၀၀ လောက် ထပ်မံတိုးလာတာလို့ တောင်ပျောက်တိုက်နယ်စစ်ဘေးရှောင်ကူညီရေး အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တချို့ဒေသခံတွေဟာ ဆွေမျိုးနီးစပ်ရာနေရာတွေကို သွားရောက်တိမ်းရှောင်နေကြတာလည်း ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေါင်းမင်းစစ်ဆင်ရေး (TYC-PDF) အဖွဲ့တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေကို လက်နက်ငယ်များသဖွယ်အသုံးပြုကာ ရမ်းသန်းပစ်ခတ်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အခုစစ်ကြောင်းထိုးလာကတည်းက ကျေးရွာ ၁၀ ရွာရှိတဲ့ တောင်ပျောက်တိုက်နယ်မှာ ကျွဲခြံ၊ ဝမ်းကဖော်၊ လယ်စု၊ တောင်ပျောက်၊ ကျောက်အိုင် စတဲ့ရွာတွေကဆို ရွာလုံးကျွတ်ပြေးကြတယ်၊ တခြားရွာတွေမှာတော့ တချို့က မပြေးဘူးပေါ့။ အခုက သဲချောင်းကြီးကနေ စစ် (-)တွေက လက်နက်ကြီးနဲ့ မနားတမ်းထုနေတော့ ဘယ်ရွာကမှ ရွာထဲမှာ မနေရဲတော့ဘူး။ အခုအခြေအနေမှာ စစ်ဘေးရှောင်စခန်းကိုပဲ။” 

စစ်ကောင်စီတပ်ဖွဲ့က လမ်းပန်းဆက်သွယ်ရေးအပြင် ဖုန်းလိုင်းတွေပါ ဖြတ်တောက်ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာအခက်အခဲဖြစ်နေပြီး လက်ရှိ ရှိနေတဲ့ရိက္ခာက တပတ်စာအတွက်သာ လုံလောက်မှုရှိနိုင်တော့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

သရက်ချောင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသလမ်းပိုင်းကို ဆန်နဲ့ရိက္ခာတွေ သယ်ယူခွင့် ကန့်သတ်ထားတာ သုံးပတ်လောက်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013