DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းကာလ ၁ နှစ်ခွဲနီးပါးအကြား စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၀၆၅ ဦးရှိလာ
DVB
·
July 6, 2022
အာဏာသိမ်းကာလ ၁ နှစ်ခွဲနီးပါးအကြား စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ ၂၀၆၅ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၀၆၅ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၄၈၆ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၅ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်း ပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထား ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၁,၄၂၀ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၂၁၄ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၄ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၅ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၁ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၀၄၅ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်က ဧရာဝတီသတင်းဌာနမှ ဓာတ်ပုံသတင်းထောက်ဟောင်း ကိုဇော်ဇော်ကို မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးကနေ သပိတ်စစ်ကြောင်းမှာ ပါဝင်မှု၊ ဆန္ဒပြဓာတ်ပုံတွေ ပေးပို့မှုတွေ နဲ့ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ စွဲချက်တင်အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂ ရက် ညနေ ၄ နာရီ ၅၅ မိနစ်အချိန်က ကရင်ပြည်နယ်၊ ကျောက်ကြီးမြို့နယ်၊ လော်မူပယ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုရဲ့ ခမရ-၄၃၉၊ ခမရ-၃၅၁၊ ခလရ-၆၀ ပူးပေါင်းစစ်ကြောင်းတွေက ဝင် ရောက်စီးနင်းခဲ့ပြီး ကိုနေလင်းထွန်း၊ စောမာနေထူးနဲ့ အမည်သိရှိရခြင်းမရှိသေးတဲ့ အရပ်သား ၂ ယောက်တို့ကို ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ စောမာနေထူးဟာ အသက်မွေးဝမ်းကျောင်းအတွက် ဆိုင်ကယ်ပြင် ဆိုင်ဖွင့်ထားသူဖြစ်ပြီး သူ့ရဲ့ ဆိုင်အတွင်းမှာပဲ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013