DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ အမြန်ကြေး ကျပ် ၃ သိန်းခွဲအထိ ဈေးပေါက်၊ online booking ခက်ခဲကြန့်ကြာနေ
DVB
·
July 4, 2022
ပတ်စ်ပို့ အမြန်ကြေး ကျပ် ၃ သိန်းခွဲအထိ ဈေးပေါက်၊ online booking ခက်ခဲကြန့်ကြာနေ
Donate to DVB

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ဝန်ဆောင်မှုပေးနေတဲ့ ပြင်ပဈေးကွက်မှာ ပတ်စ်ပို့စာအုပ် အမြန်လိုချင်ရင် ဝန်ဆောင်ခအနေဖြင့် ကျပ် ၃ သိန်းခွဲအထိ ဈေးပေါက်နေတဲ့အကြောင်း ပတ်စ်ပို့လျှောက်သူတွေနဲ့ ဝန်ဆောင်မှုပေးနေတဲ့ သူတွေထံက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ကိုဗစ်အကြောင်းပြချက်နဲ့ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့) လျှောက်ထားတာတွေကို  online booking ကနေ ရက်ချိန်းယူတဲ့စနစ်ကို ၂၀၂၂ ခုနှစ်၊  မတ်လ ၁၄ ရက်က စတင် ပြောင်းလဲခဲ့တာပါ။

မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ အဆိုအရ ပတ်စ်ပို့ လျှောက်ထားသူတွေဟာ တနေ့ကို ထောင်ချီရှိနေပြီး အချိန်အကြာကြီး တန်းစီရတဲ့ အပြင် ကိုဗစ်-၁၉ အန္တရာယ်ကိုလည်း စိုးရိမ်ရတာကြောင့် အခုလို ပြောင်းလဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ online booking တင်တဲ့နေရာမှာ သာမန်ပြည်သူတွေ လွယ်လင့်တကူ လျှောက်လို့ မရအောင် ကန့်သတ်ထားပါတယ်။

Online booking ရရှိဖို့ ကိုယ်တိုင်ဆောင်ရွက်နေတဲ့ လူငယ်တဦးက “ကျနော်တို့ဆိုရင် နည်းပညာနဲ့ပတ်သတ်ပြီး အင်ဂျင်နီယာတွေလောက် မတတ်ဘူးဆိုပေမယ့် တီးမိခေါက်မိတော့ ရှိပါတယ်ဗျာ။ ဒါပေမဲ့ ပတ်စ်ပို့လက်မှတ်ထုတ် ပေးရေးအဖွဲ့က လုပ်ထားတဲ့ ဆာဗာက ဖွင့်လိုက်လို့ရှိရင် အမြဲတမ်း ရက်ချိန်းတွေက ပြည့်နေတာ။ ဘယ်အလောက်အထိ ဆိုးလဲဆိုရင် အခုမှ ၇ လပိုင်းအစဘဲ ရှိသေးပေမယ့် ရက်ချိန်းက ၁၀ လပိုင်း အစအထိ ယူထားကြတော့ ကုန်နေပြီ။ ဒီတော့ ၁၀ လ ပိုင်းအတွက် ရက်ချိန်းကို လိုချင်ရင် အခုကတည်းက စပြီး အဲ့ဒီ့ ဆာဗာကို နေ့စဉ် တက်ကြည့်ပြီး ရနိုင်မယ့် ရက်ကို နေ့တိုင်း ဝင်ဝင်ကြည့်မှ ရမှာနော်။ မဟုတ်ရင် ၁၀ လ ပိုင်းအတွက် ရက်ချိန်းက နှစ်ပတ်ဆို ကုန်ပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

Online booking ရရှိဖို့ အခုလို ခက်ခဲကြန့်ကြာလာတဲ့အတွက် booking သီးသန့် ယူပေးတဲ့ ဝန်ဆောင်မှုတွေ ပေါ်လာပြီး လူတဦးအတွက် ဝန်ဆောင်ခနှုန်းကလည်း ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အထိ ရှိလာပါတယ်။ 

နိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုပေးနေတဲ့ အေဂျင်စီတွေနဲ့ ပွဲစားတွေက Online booking တင်ပေးပြီး QR code ရရှိဖို့အတွက်ဘဲ ဆိုရင် ဝန်ဆောင်ခက လူတဦးကို ကျပ် ၂၀၀၀၀ ယူတယ်လို့ သိရပါတယ်။

ပတ်စ်ပို့ဝန်ဆောင်မှုပေးသူတဦးက “ပတ်စ်ပို့စာအုပ်ထွက်တဲ့အထိ အစအဆုံး ဝန်ဆောင်မှုအတွက်ဆိုရင်တော့ လူတဦးကို ကျပ် တသိန်း ယူပါတယ်။ ဒါက ပုံမှန်ပေါ့နော်။ ဒီ့အတွက် အချိန် နှစ်လလောက်တော့ အနည်းဆုံး စောင့်ပေးရတယ်။ ဘာကြောင့်ဆို QR code ရဖို့အတွက် အချိန်က အဲ့ဒီ့လောက် ပေးရလို့လေ။ တကယ်လို့ပေါ့ အချိန်မစောင့်နိုင်ဘူး၊ အမြန် လိုချင်တယ်ဆိုရင် အမြန်ကြေး ရှိပါတယ်။ အမြန်ကြေးက လူတဦးကို ကျပ် သုံးသိန်းခွဲပါ။ ဒါကလည်း ကျမတို့က QR code ကို တခြားသူဆီက ပြန်ဝယ်ရတာ။ ပြီးတော့ ရုံးထဲက ဝန်ထမ်းတွေကိုလည်း လိုင်းကြေး ပေးရတာတွေ ရှိတယ်လေ။ တတ်နိုင်တဲ့သူကတော့ အမြန်ကြေးနဲ့ လုပ်ကြတာပေါ့နော်။ ၃ ရက်အတွင်းမှာ ချလန်ထွက်ပြီး စာအုပ်ကတော့ ၁၀ ကြာရင် ရပါပြီ” လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ပတ်စ်ပို့စာအုပ် သက်တမ်းတိုးတာနဲ့ အသစ်လျှောက်ထားခြင်းတို့အတွက် သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်က လူတဦးကို ကျပ် ၂၅၀၀၀ နှုန်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ချွတ်ခြုံကြမှုနဲ့အတူ အလုပ်အကိုင်တွေ ရှားပါးလာတဲ့ အကျိုးဆက်ကြောင့် ပြည်ပထွက်ခွာပြီး ရွှေ့ပြောင်းလုပ်ကိုင်လိုသူတွေ များလာတာနဲ့အမျှ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့)ဝန်ဆောင်မှုဈေးကွက်မှာ တစတစနဲ့ ကြီးထွားလာပြီး ဝန်ဆောင်ခနှုန်းထားတွေကလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးတဲ့ ပတ်စ်ပို့ ရုံးဟာလည်း  အစိုးရအဆက်ဆက် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့  လာဘ်ပေး၊ လာဘ်ယူ အများဆုံး ဌာနဆိုင်ရာတွေထဲက ရုံးတရုံးလည်း ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013