DVB Logo
Home
Lead Story
လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်
DVB
·
July 4, 2022
လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်
1 / 2
Donate to DVB

လူတွေ တစ်ယောက်နဲ့ တစ်ယောက်ဆုံမိကြရင် နေကောင်းရဲ့လား ….. အလုပ်အဆင်ပြေလား …… ဘယ်မှာနေလဲ ….. အိမ်ပြောင်းသွားပြီလား ….. ဆိုပြီး နှုတ်ဆက်စကားတွေ ပြောလေ့ရှိတာက လူမျိုးတိုင်းမှာ ရှိသလို ခေတ်အဆက်ဆက် ကတည်းက လောကဝတ်တစ်ခု အနေနဲ့ ပျူငှာဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ အလေ့အထလေးတစ်ခုလို ရှိနေခဲ့တာပါ။

ဒီလို ဖော်ရွေပျူငှာတဲ့ထဲမှာ မြန်မာလူမျိုးတွေက ထိပ်ဆုံးကလို့ ပြောရပါမယ် မြန်မာလူမျိုးတွေက ဖော်ရွေပျူငှာသလို အများကို ကူညီဖို့လည်း တက်ကြွကြတဲ့ သူတွေပါ။ အခုထိလည်း သူငယ်ချင်း အချင်းချင်း လမ်းမှာ ဆုံမိရင် ဘယ်ကလာတာလဲ…. ဘယ်သွားမလို့လဲ ဆိုပြီး နှုတ်ဆက်စကား ပြောနေကြဆဲပါပဲ။ ဒီလို နှုတ်ဆက်တဲ့ စကားတွေထဲမှာ ထပ်တိုးလာတဲ့ နှုတ်ဆက်စကား တစ်ခွန်း ရှိပါတယ်။

ဒါကို လူတိုင်းလိုလို သိပြီးသား ဖြစ်နိုင်သလို ကိုယ်တိုင်တောင် နှုတ်ဆက်ခံရဖူးမယ်ထင်ပါတယ်။ ဒါကတော့ မတွေ့တာတောင် ကြာပြီနော်။ နေကောင်းရဲ့လားဆိုတာကို မဆက်ခင်လေးမှာ မေးတတ်တဲ့ စကားလေးတစ်ခွန်းပါ။ ဟယ် ….. ဝလာလိုက်တာ၊ ပိန်သွားလိုက်တာဆိုပြီး အားကြီးနဲ့ ပြောချလိုက်တာလေ။

မသိဘဲနဲ့ Body Shaming လုပ်မိနေတာပါ

ဒီလို နှုတ်ဆက်တဲ့အခါ နှုတ်ဆက်သူရဲ့ စိတ်ထဲက ဘာမှ မရှိသလို ဘာမှ မခံစားလိုက်ရပေမယ့် နှုတ်ဆက်ခံရသူအဖို့တော့ ဝနေတာကို မကြိုက်ဘဲ ဝိတ်လည်းလျှော့နေပါရက်နဲ့ ဝနေတယ်လို့ အပြောခံရတဲ့အခါ ပိန်နေတဲ့သူကလည်း ဝချင်လို့ ကြိုးစားနေချိန်မှာ ပိန်လိုက်တာလို့ ပြောခံရတာက တော်တော်လေး စိတ်ထိခိုက်စေနိုင်ပါတယ်။

ဒီလို နှုတ်ဆက်လိုက်တာက တကယ်တော့ လူတစ်ယောက်ကို Body Shaming လုပ် လိုက်တာပါပဲ။ ကိုယ်တိုင်ကတော့ ဘာရယ် မဟုတ် ပြောလိုက်ပေမယ့် ပြောခံရသူအဖို့ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒီလို ပြောဆိုတာက ကိုယ်တိုင်အတွက် ရော အခြားသူတွေအတွက်ပါ အကျိုးမရှိပါဘူး။

ဒါကြောင့် လူတစ်ယောက်နဲ့ ဆုံမိတဲ့အခါ သူတို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ဝေဖန်တာမျိုး မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားက ရွေးချယ်လို့ ရတယ်ဆိုပေမယ့် မပိန်ချင်ဘဲ ပိန်နေတာ၊ မဝချင်ဘဲ ဝနေတာတွေ ရှိနိုင်ပါတယ်။

အချို့ဆို ဟော်မုန်းဆေးတွေ သောက်နေရတာကြောင့် ဝနေတာ ဖြစ်နိုင်သလို အချို့ဆို မျိုးရိုးလိုက်လို့၊ ရောဂါအခံ တစ်ခုခု ရှိလို့ ပိန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နောက်ထပ် လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင်လည်း ပိန်တာ၊ ဝတာက လူတစ်ယောက်ရဲ့ အခြေခံ ကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်တာကြောင့် ဒါ့အတွက် ဝေဖန်ခံဖို့ မလိုအပ်ပါဘူး။

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်

လူတစ်ယောက်ကို Body Shaming လုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စိတ်ဓာတ်ကျသွားနိုင်တယ်

ဝနေလို့ ကိုယ်အလေးချိန် ထိန်းဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ရောဂါတစ်ခုခုကြောင့် ဒါမှမဟုတ် ဆေးဝါးတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မဝချင်ဘဲ ဝနေတဲ့သူကို ဝလိုက်တာလို့ ပြောတာမျိုး၊ ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်ချင်လို့ အစားအစာတွေလည်း ဂရုစိုက်နေတယ်၊ ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်နေတဲ့သူကို ပိန်သွားလိုက်တာလို့ ပြောလိုက်ခြင်းက သူတို့ကို Body Shamingလုပ်လိုက်တာပါပဲ။

ဒါက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှု တစ်ရပ်ပါ။ ဒီလိုမျိုး အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရတာက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးစေနိုင်တယ်

မနှစ်သက်တဲ့ အခြေအနေကို ခဏခဏ ကြုံရတာ၊ သဘောမကျတဲ့ ဝေဖန်မှုတွေကို ခဏခဏ ခံစားရတာက စိတ်ဖိစီးစေပါတယ်။ ဒီလိုပါပဲ ကိုယ်တိုင်တောင် အဆင်မပြေလို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အဆင်ပြေတဲ့ အနေအထား ဖြစ်လာအောင် ကြိုးစားနေသူတွေကို ကိုယ်အလေးချိန် ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ခဏခဏ ဝေဖန်တာက စိတ်ဖိစီးစေနိုင်ပါတယ်။

စိတ်ဖိစီးတာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

စားသောက်မှု မူမမှန်တဲ့ စိတ်အခြေအနေ ခံစားရစေနိုင်တယ်

ဝတယ်လို့ အပြောခံရတာကြောင့် အစားအသောက်တွေကို ရှောင်တာ ပိန်တယ်လို့ အပြောခံရတာကြောင့် အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတာတွေ ဝစေတယ်ဆိုတဲ့ အစားအစာတွေကို မလိုအပ်ဘဲ စားတာ၊ ရှောင်တာတွေ လုပ်ရင်းက စားသောက်မှု မူမမှန်တဲ့အခြေအနေကို ခံစားလာရနိုင်ပါတယ်။

အချို့ဆို စားချင်တော့ စားလိုက်တယ်။ ပြီးတော့ ဝလာမှာစိုးတယ်ဆိုပြီး စားပြီးပြီးချင်း လက်ထိုးပြီး အန်လိုက်တယ်။ ဒီလို လုပ်တာတွေ ဖြစ်နိုင်သလို ပိန်လွန်းတယ်ဆိုလို့ အဆီတက်စေတာမျိုးတွေကိုပဲ ရွေးစားတယ်။ မစားချင်ဘဲ အတင်းစားတာမျိုးတွေလိုမျိုး စားသောက်မှုဆိုင်ရာ မူမမှန်တဲ့ စိတ်အခြေအနေကို ခံစားလာရနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာတယ်

ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်လို့ ခဏခဏ ဝေဖန်ခံရတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားအပေါ် ယုံကြည်မှု အားနည်းလာနိုင်ပါတယ်။ ဒီလို အားနည်းလာမှုရဲ့ အကျိုးဆက်အနေနဲ့ လူအများကြား မသွားရဲ မလာရဲတာမျိုးကစလို့ တစ်ခုခု လုပ်ဖို့ဆိုရင်တောင် မဖြစ်နိုင်ပါဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆုံးရှုံးတာမျိုး ခံစားရနိုင်ပါတယ်။

Body Shamingလုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်နဲ့ ပတ်သက်ပြီး ပိန်လွန်းတယ်။ ဝလွန်းတယ်လို့ ဝေဖန်တာမျိုး မလုပ်မိပါစေနဲ့။

ကိုယ်က ဝေဖန်ခံရတဲ့သူဖြစ်နေမယ်ဆိုရင်လည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တယ်။ မပြေပြစ်ဘူး။ ပိန်တယ်၊ ဝတယ်ဆိုတာက ကိုယ့်ရဲ့ မွေးရာပါ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ယူဆပြီး စိတ်ထဲ တနုံ့နုံ့တွေးနေတာမျိုး မလုပ်ဘဲ ကိုယ့်စိတ်တိုင်းကျ လှုပ်ရှားနေထိုင်ဖို့ အကြံပြုလိုက်ပါရစေ။

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013