DVB Logo
Home
မြန်မာသတင်း
စစ်တပ်က ဘီးလင်းဒေသခံ ၂၂ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီး၊ သထုံတွင် ရဟန်းတပါး အပါအဝင် ၃ ဦး အသတ်ခံရ
DVB
·
July 4, 2022
စစ်တပ်က ဘီးလင်းဒေသခံ ၂၂ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီး၊ သထုံတွင် ရဟန်းတပါး အပါအဝင် ၃ ဦး အသတ်ခံရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံ ၂၂  ဦးကို လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ဘီးလင်းမြို့နယ်ထဲကို နယ်မြေကျူးကျော် စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ  ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ၁၅ ရက်တာကာလအတွင်း ရွာသား ၂၂ ဦးကို ပေါ်တာ ထမ်းဖို့နဲ့ လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

လူသားဒိုင်းကာအဖြစ် အသုံးပြုဖို့ ဖမ်းဆီးခေါ်ဆောင်သွားသူတွေထဲမှာ အသက် ၁၃ နှစ်အရွယ် ကျောင်းသား ကလေးတဦးပါဝင်ပြီး သူတို့တွေဟာ ဒေါဇံကြီး၊ တောင်လွဲ၊ ကြိုးဝိုင်း၊ ဘောနော်နီ၊ မြစ်ကြိုး၊ မူးဒေး၊ လေးကေ့၊ မော်တိုခီး၊ မင်းစော၊ ကော်ဟဲကျေးရွာက ဒေသခံတွေ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူတွေရဲ့ ငွေကြေးနဲ့ တန်ဖိုးရှိ ပစ္စည်းတွေကို ခိုးယူ စားသုံးတာနဲ့ ဖျက်ဆီးမှုတွေကိုပါ ကျူးလွန်သွားကြောင်းနဲ့ ငွေကြေးတန်ဖိုး အနေနဲ့ ကျပ်သိန်း ၈၀ ကျော် ဖြစ်တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘီးလင်းမြို့နယ်ထဲကို နယ်မြေကျူးကျော် စစ်ရေးဝင်ရောက် လှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ(၄၄) လက်အောက်ခံ တပ်ရင်း ၃ ရင်းဖြစ်ပြီး KNLA/KNDO ပူးပေါင်းအဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားထားပါတယ်။

KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ရေး ဝင်ရောက် လှုပ်ရှားနေတာကြောင့် KNLA/KNDO ပူးပေါင်းအဖွဲ့နဲ့ နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေပါတယ်။

သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာရှိ ဒေသခံ ၂ ဦးနဲ့ ရဟန်း ၁ ပါးကို အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်သွားတယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ခဲ့တာပါ။

စစ်ကောင်စီတပ်က ထုံးဘိုလေးကျေးရွာကို မီးရှို့ခဲ့တာကြောင့် လူနေအိမ် ၆၁ လုံး မီးလောင် ပြာကျခဲ့ပြီး ဘုန်းတော်ကြီးကျောင်းနဲ့ ကျေးရွာစာသင်ကျောင်းတွေလည်း မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။

မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ လူနေအိမ် ၃ လုံးရဲ့ ပြာပုံတွေထဲမှာ ဒေသခံ ၂ ဦးနဲ့ ရဟန်း ၁ ပါးရဲ့ အရိုးအစအနတွေ တွေ့ရှိပြီး၊ မီးရှို့သတ်ဖြတ်ခံလိုက်ရတဲ့ ရွာသားတွေဟာ အသက် ၃၉ နှစ်အရွယ် မသန်စွမ်းဖြစ်သူ စောဆာမူး၊ အသက် ၅၅ နှစ်အရွယ် စောမောင်လူပျိုနဲ့ သက်တော် ၅၄ နှစ်အရွယ် ဦးပဇင်း တီးထို့ပဝီးတို့ ဖြစ်ပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူတွေဟာ အရှင်လတ်လတ်မီးရှို့သတ်ခံရတာ ဒါမှမဟုတ် သတ်ဖြတ်ပြီးမှ မီးရှို့ထားတာ ဖြစ်နိုင်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNLA ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတဦးကတော့ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတဲ့ ထုံးဘိုလေးကျေးရွာမှာ ဒေသခံ ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေသေးတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ထုံးဘိုလေးကျေးရွာအား မီးရှို့ပြီး ဒေသခံတွေကို သတ်ဖြတ်သွားတဲ့ လုပ်ရပ်ကို အာဏာသိမ်း စစ်ကောင်စီ တပ်မ ၄၄ နဲ့ တပ်မ (၂၂) လက်အောက်ခံတပ်တွေအပြင် ကရင်နယ်ခြားစောင့် (BGF) တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထုံးဘိုလေးကျေးရွာ ဒေသခံပြည်သူ ၃၀၀၀ လောက်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013