DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ် ရန်ကုန်တွင် သံတမန်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
DVB
·
July 2, 2022
အာဆီယံအထူးကိုယ်စားလှယ် ရန်ကုန်တွင် သံတမန်များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ
1 / 16
Donate to DVB

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ ဇူလိုင် ၂ ရက် ဒီကနေ့ ရန်ကုန်မြို့မှာ အနောက်နိုင်ငံတွေက သံတမန်တွေနဲ့ တွေ့ဆုံခဲ့သလို နိုင်ငံရေးပါတီတချို့ရဲ့  ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ပရတ်ဆာခွန်းဟာ ဒီနေ့ မွန်းလွဲပိုင်းမှာ  ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျနဲ့ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံတွေရဲ့ သံအမတ်ကြီးတွေနဲ့ တွေ့ဆုံခဲ့ရာမှာ  အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့ ပတ်သက်လို့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့  မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပေးအပ်ဖို့ ကိစ္စတွေ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေနဲ့လည်း ရန်ကုန်မြို့ရှိ   Lotte ဟိုတယ်မှာ ဒီနေ့မနက်ကတွေ့ဆုံပြီး သက်ဆိုင်ရာပါတီတွေအခြေစိုက်တဲ့ ပြည်နယ်နဲ့တိုင်းတွေအတွင်း  လက်တွေ့မြေပြင်မှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးနဲ့ လူသားချင်းစာနာမှု အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်မှာ ဒီနိုင်ငံရေးပါတီတွေရဲ့ ပါဝင်အားထုတ်မှုတွေ၊ မြန်မာနိုင်ငံရဲ့အခြေအနေ ပြေလည်သွားစေဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားစေဖို့ နည်းလမ်းတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ မြန်မာပြည် ပဋိပက္ခကို ဖြေရှင်းဖို့ အထူးကိုယ်စားလှယ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍ ဆွေးနွေးခဲ့တယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးရုံးက ထုတ်ပြန်ထားပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးကတော့ ပါတီအနေနဲ့ ရွေးကောက်ပွဲအောင်မြင်ရေး၊ အကြမ်းဖက်မှုတွေ လျော့နည်းပပျောက်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံအတွက် လိုက်လျောညီထွေဖြစ်မယ့်  အခြေခံဥပဒေဖြစ်ရေးကိစ္စတွေ ပရတ်ဆာခွန်းကို ပြောကြားခဲ့တယ်လို့  ကြံ့ခိုင်ရေးပါတီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် NUG နဲ့ PDF တို့ကြောင့် သေဆုံး၊ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေ၊  ပါတီအားပေးထောက်ခံသူတွေ ၊မိသားစုဝင်တွေရဲ့ အချက်အလက် ဓာတ်ပုံ အထောက်အထားတွေ ပါဝင်တဲ့  အိတ်ဖွင့်ပေးစာကို အာဆီယံအထူးကိုယ်စားလှယ်ထံ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ပရတ်ဆာခွန်းနဲ့တွေ့ဆုံခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲမှာ ကြံ့ခိုင်ရေးပါတီအပြင်၊ ရက္ခိုင့်ဦးဆောင်ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နဲ့ တအာင်း(ပလောင်) အမျိုးသားပါတီတို့ ဖြစ်ကြပါတယ်။ 

အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆာခွန်းဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်ခရီးစဉ်ဖြစ်  ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်အထိ  ၅ ရက်တာခရီး ရောက်ရှိနေတာဖြစ်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ 

ဒါ့အပြင် အန်စီအေအပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ၊ စစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီနဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ဟာ နေပြည်တော်အချုပ်ထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပေမဲ့ စစ်ကောင်စီက ခွင့်မပြုခဲ့ပါဘူး။ 

PHOTO-MFAIC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013