DVB Logo
Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ် အပစ်ရပ်အဖွဲ့များနှင့်တွေ့ဆုံ၊ နိုင်ငံရေးဆွေးနွေးပွဲပြန်စနိုင်ရေး ကြိုးပမ်းမည်
DVB
·
July 1, 2022
အာဆီယံအထူးကိုယ်စားလှယ် အပစ်ရပ်အဖွဲ့များနှင့်တွေ့ဆုံ၊ နိုင်ငံရေးဆွေးနွေးပွဲပြန်စနိုင်ရေး ကြိုးပမ်းမည်
1 / 8
Donate to DVB

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့၊ ပဋိပက္ခဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ လူသားချင်းစာနာမှု အကူအညီရရှိဖို့နဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေပြန်လည်ဖော်ဆောင်နိုင်ရေး ကြိုးစားပေးသွားမယ်လို့  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က ပြောပါတယ်။ 

အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ ဇူလိုင် ၁ ရက် ဒီနေ့ နေပြည်တော်မှာ   NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့တွေ့ဆုံစဉ် ပြောဆိုလိုက်တာလို့ အပစ်ရပ်အဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့  PPST ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“အထူးကိုယ်စားလှယ်ကတော့ အဓိက မြန်မာ့နိုင်ငံရေးအတွက် အဓိက သူလုပ်ဆောင်မယ့် အချက် ၃ ချက်ကိုတော့ သူတင်ပြသွားတယ်။ အဲဒါကတော့ ကျနော်တို့ တနိုင်ငံလုံး အပစ်အခတ်တွေ ရပ်စဲဖို့အတွက် ကြိုးပမ်းဆောင်ရွက်မယ်ဆိုတဲ့အချက်ရယ်၊ ပြီးတော့ လက်ရှိကျနော်တို့ နိုင်ငံရဲ့ အကျပ်အတည်းကာလမှာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ နိုင်ငံသူနိုင်ငံသားတွေကို လူသားချင်းစာနာမှုအကူအညီပေးရန်ရှိတယ်။ အမှန်တကယ် ဒုက္ခရောက်နေတဲ့လူတွေဆီ အကူအညီတွေ ရောက်ရှိဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်။ နောက်တချက်ကတော့ ကျနော်တို့ နိုင်ငံမှာ မလုပ်နိုင်တာ ကြာပြီဖြစ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လည်ဖော်ဆောင်ပေးနိုင်ဖို့အတွက် သူ့အနေနဲ့ ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းကို ဆွေးနွေးပြောဆိုသွားတာရှိတယ်။”

ဒီတွေ့ဆုံပွဲမှာ အန်စီအေအပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့တွေ့ဆုံဆွေးနွေးရေး၊ ပါဝင်သင့်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကို ကာကွယ်ပေးရေးကိစ္စတွေကို ပြန်လည်တင်ပြဆွေးနွေးခဲ့တယ်လို့ PPST ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီအထူး ကိုယ်စားလှယ်ကို ပထမဦးဆုံးတွေ့ဆုံတဲ့ အခေါက်မှာ PPST အနေနဲ့ လက်ရှိကျနော်တို့ မြန်မာ့နိုင်ငံရေးရဲ့အကျပ်အတည်းတွေ ကျော်လွှားနိုင်ဖို့အတွက်က တိုက်တွန်းချက် ၄ ချက်ကို တိုက်တွန်းခဲ့တယ်။ အဲဒီ ၄ ချက်ကတော့ ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး ညှိနှိုင်းအဖြေရှာတဲ့ ခင်းအကျင်းတခု ပေါ်ပေါက်လာဖို့ PPST အနေနဲ့ ဆွေးနွေးဖြစ်တယ်။ အဲဒါကလည်း ပဋိပက္ခရှိနေတဲ့ တိုင်းပြည်တပြည်ဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုတာကတော့ ရှိကိုရှိရမယ်၊ လိုလည်းလိုအပ်တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် ထိခိုင်နစ်နာမှုတွေ ရှိမှာဖြစ်တဲ့အတွက် နိုင်ငံရေးနည်းနဲ့ အဖြေရှာတဲ့ အခင်းအကျင်းဖြစ်ပေါ်လာဖို့အတွက် ကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာရှိတယ်။ နံပါတ် ၂ အနေနဲ့က သက်ဆိုင်သူတွေအားလုံး၊ ပါဝင်သင့်ပါဝင်ထိုက်သူတွေအားလုံးနဲ့လည်းတွေ့ဆုံနိုင်ဖို့ကိုလည်း ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးဖို့ တိုက်တွန်းတယ်။ နောက်တချက်ကတော့ အရပ်သားတွေကို ကာကွယ်ပေးရေးကိစ္စနဲ့ လက်ရှိ ပဋိပက္ခဒဏ်ခံစားနေရတဲ့သူတွေကို လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ရေး ခွဲခြားဆက်ဆံမှုမရှိဘဲနဲ့ အားလုံးအတူတူ လက်ခံရရှိနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ပေးဖို့ တိုက်တွန်းဆောင်ရွက်ပေးဖို့။ လက်ရှိ နိုင်ငံရေးအခက်အခဲ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့အတွက်က နိုင်ငံရေးဆွေးနွေးပွဲလိုအပ်တယ်။ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲက နိုင်ငံတကာရဲ့ ပူးပေါင်းပါဝင်မှုလည်းလိုအပ်တယ်။ သို့သော် နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုဆိုတာကလည်း လက်ရှိ ကျနော်တို့ နိုင်ငံရဲ့ ပကတိနိုင်ငံရေးအခြေအနေနဲ့ လိုက်လျောညီထွေရှိဖို့လိုအပ်တယ်လို့ အဲလို တိုက်တွန်း ပြောဆိုခဲ့ပါတယ်။” 

ဒီတွေ့ဆုံပွဲကို  အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ ( KNU/ KNLA - PC) ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA )၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ်မြောက်ရေးပါတီ( ALP)၊ လာဟူးဒီမိုကရက်တစ်အစည်းအရုံး( LDU ) နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့ တက်ရောက်ဆွေးနွေးခဲ့တာပါ။

အခုလို အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံတဲ့   အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ထဲမှာ   အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးထားတဲ့ အဖွဲ့ ၅ ဖွဲ့ပါဝင်ပြီး စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) အပါအဝင် လက်ရှိ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ အဖွဲ့တွေကိုတော့ အာဆီယံ အထူးကိုယ်စားလှယ်ကတွေ့ဆုံခဲ့တာမရှိပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘာဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆာခွန်းဟာ ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၃ ရက်အထိ  မြန်မာနိုင်ငံကို ၅ ရက်တာခရီး ရောက်ရှိနေတာဖြစ်ပြီး မနေ့ကတော့ နေပြည်တော်မှာ စစ်ခေါင်းဆောင်အပါအဝင် ဝန်ကြီးတချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

PHOTO-MFAIC

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013