
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ ဇွန်လ ၃၀ ရက် မနက် ၁၁ နာရီကျော်လောက်က စစ်ကောင်စီလေတပ်က MIG-29 အမျိုးအစား တိုက်လေယာဉ် ကျူးကျော် ဝင်ရောက်လာတာနဲ့ ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ပရယုတ်ကျန်အိုးချားက ဒီကိစ္စဟာ ကြီးမားတဲ့ပြဿနာမဟုတ်ဘဲ မြန်မာဘက်က လည်း ဝန်ခံတောင်းပန်ပြီးဖြစ်တယ်လို့ ပြောပါတယ်။
ဝန်ကြီးချုပ် ပရယုဒ်ကျန်အိုးချားက ဒီကနေ့ ဇူလိုင် ၁ ရက် မနက်က ထိုင်းပညာရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ သက်ကြီးပညာရေးအခမ်းအနားဖွင့်ပွဲတက်ရောက်လာစဉ် သတင်းထောက် တွေရဲ့အမေးကို ခုလိုဖြေကြားခဲ့တာပါ။
“ဖုပ်ဖရမြို့နယ်ထဲကို မြန်မာဘက်ကတိုက်လေယာဉ် ကျွံဝင်လာတာနဲ့ပတ်သက်ပြီး မြန်မာဘက်ကို ဆက်သွယ်အကြောင်းကြားပြီးဖြစ်တယ်၊ သူတို့ဘက်က တမင်မရည်ရွယ်ဘဲနဲ့ လေယာဉ်ကို ပြန်ကွေ့လိုက်တဲ့အခိုက်မှာ အဝိုင်းပတ်ဧရိယာနည်းနည်းကျယ်ပြန့်သွားတယ်လို့ဝန်ခံပြီး ဒီကိစ္စ တောင်းပန်ပြီးသားဖြစ်တယ်။ ထိုင်းဘက်ကလည်း လေယာဉ်နဲ့ ပျံဝဲပြီး သတိပေးထားပြီးဖြစ်တယ်။ မြန်မာ့တပ်မတော်ဘက်ကစစ်သံမှူးတွေဘက်ကလည်း တောင်းပန်ပြီးပြီ။ ကျနော်ကိုယ်တိုင်ကလည်း ခွင့်လွှတ်တယ်လို့ပြောပြီးပြီ။ ဒီကိစ္စက စနစ်တကျနဲ့ ပြီးသွားပြီ၊ ဒီကိစ္စကို ပြဿနာအကြီးကြီးလို့ မြင်ရင် ပိုပြီးကြီးအောင်လုပ်ရဦးမှာလား။ နှစ်နိုင်ငံကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးက ရှိပြီးသားပဲ။ တို့ဘက်ကတော့ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကိုကာကွယ်ဖို့ လုံလောက်တဲ့စွမ်းရည်တွေရှိတယ်။ အနာဂတ်မှာ ပိုပြီးခေတ်မီကြံ့ခိုင်အောင်လုပ်နိုင်မလားဆိုတာပဲရှိတယ်။ လေယာဉ်ကိစ္စထပ်ပြောမယ် ကြီးမားတဲ့ပြဿနာ မဟုတ်ဘူး ” လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းလေတပ်ဌာနချုပ်ကလည်း နောက်နောင်အခုလိုထပ်ပြီး နယ်ကျွံမှုတွေ မရှိဖို့ မြန်မာဘက်ကို သတိပေးစာပို့ထားကြောင်း ဇွန်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
ဇွန် ၃၀ ရက် မနက် ၁၁ နာရီ ၁၆ မိနစ်မှာ မြန်မာဘက်ခြမ်းက လေယာဉ်တစ်စီး ထိုင်းဘက်ကို ၅ ကီလိုမီတာခန့် ကျွံဝင်လာကြောင်း ၊ ဒါကြောင့် ထိုင်းလေတပ်အနေနဲ့ မောင်းသူမဲ့ F-16 လေယာဉ် နှစ်စီး စေလွှတ်ပျံသန်းပြီး အခြေအနေတွေ လှည့်ပတ်စစ်ဆေးခဲ့ကြောင်း ၊ တဘက်ကလည်း ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံးကနေတဆင့် မြန်မာအာဏာပိုင်ဘက်ကို အကြောင်းကြားကာ နောက် နောင် အခုလိုထပ်ပြီး ကျွံဝင်လာခြင်းမရှိစေဖို့ သတိပေးထားတယ်လို့ ဆိုပါတယ်။
ထိုင်းလေတပ်အနေနဲ့ နယ်စပ်အခြေအနေကို ၂၄ နာရီ စောင့်ကြပ်ကြည့်ရှုနေကြောင်း၊ ပြည်သူလူထုအနေနဲ့ ထိုင်းလေတပ်ပေါ်မှာ စိတ်ချယုံကြည်မှုရှိဖို့ ၊ သူတို့ဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကိုအစွမ်းကုန်ကာကွယ်သွားမှာဖြစ်ပြီး ပြည်သူလူထုရဲ့လုံခြုံရေးကိုလည်း အဓိကဆောင်ရွက်သွားမယ်လို့ ထိုင်းလေတပ်ဌာနချုပ်က ထုတ်ပြန်ထားပါတယ်။
ထိုင်းပြည်သူအများစုကတော့ နိုင်ငံ့အချုပ်အခြာထဲ ၅ ကီလိုထိဝင်ရောက်ကာ အချိန် ၁၅ မိနစ်ခန့် ဝဲပျံသွားတဲ့ မြန်မာစစ်တပ်တိုက်လေယာဉ်ကို ထိုင်းဘက်က ဘာမှတုံ့ပြန်ခြင်းမရှိတဲ့ပေါ် အားမလို အားမရနဲ့ ပစ်တင်ဝေဖန်နေကြပါတယ်။