မြန်မာနိုင်ငံမှာရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်ဟာ ဇွန် ၃၀ ရက်က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံရာမှာ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးကိစ္စ၊ နိုင်ငံတွင်း အကြမ်းဖက်မှုတွေဖြစ်ပွားနေတဲ့ကိစ္စ၊ စာသင်ကျောင်းတွေပြန်ဖွင့်တဲ့ကိစ္စ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကိစ္စနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရရှိစေရေးကိစ္စတွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပါတယ်။
အာဆီယံအထူးကိုယ်စားလယ်ဟာ စစ်ကောင်စီခန့် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဦးကိုကိုလှိုင်နဲ့တွေ့ဆုံရာမှာတော့ အာဆီယံ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီပေးခြင်းဆိုင်ရာ ပထမအဆင့် လုပ်ငန်းစဉ် အကောင်အထည်ဖော်ပြီးမြောက်မှု ဖြစ်ပေါ်တိုးတက်မှုများ၊ ဒုတိယအဆင့် အကောင်အထည်ဖော်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတွေနဲ့ မြန်မာမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးစီမံခန့်ခွဲမှုမူဘောင် အကောင်အထည်ဖော်ခြင်းကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
ဒါ့အပြင် အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရာမှာ အမှန်တကယ်လိုအပ်နေသူတွေကို ခွဲခြားမှုမရှိဘဲ မျှတစွာပေးအပ်သွားနိုင်ရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်၊ AHA Centre နဲ့ လက်ရှိအာဆီယံ ဥက္ကဋ္ဌတို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တယ်လို့ဆိုပါတယ်။
ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရာမှာလည်း အာဆီယံ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ခြင်း လုပ်ငန်းစဉ်တွေ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူညီကိစ္စတွေအပြင် အကြမ်းဖက်မှုများရပ်တန့်ရေး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေး နေတဲ့ကိစ္စတွေဆွေးနွေးခဲ့တယ်လို့သိရပါတယ် ။
တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော်ရာမှာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံပဋိညာဉ်နဲ့ အခြေခံမူတွေအပေါ်အခြေခံပြီး အာဆီယံနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့လည်း အာဆီယံပဋိညာဉ်နဲ့ အာဆီယံရဲ့အဓိကမူတွေကို လေးစားလိုက်နာဖို့နဲ့ အပြန်အလှန် လေးစားမှုရှိဖို့ စစ်ကောင်စီ ဝန်ကြီးက ပြောကြားခဲ့တယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဌာနက သတင်းထုတ်ထားပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်ဟာ မနေ့က ရန်ကုန်မှာကျင်းပတဲ့ တရုတ်နိုင်ငံက မြန်မာအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကို အာဆီယံကနေ တဆင့်ပေးအပ်တဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်ဟာ မြန်မာခရီးစဉ်အတွင်းမှာ နိုင်ငံရေးပါတီ တချို့နဲ့ တွေ့ဆုံဖို့ရှိသလို အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ နေပြည်တော်ထောင်မှာ ဖမ်းဆီးထိန်းသိမ်း အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တော့ တွေ့ဆုံခွင့်မရသေးပါဘူး။
ပရတ်ဆာခွန်း ဦးဆောင်တဲ့ အာဆီယံသံတမန်များအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ကာလရှည်ကြာဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ် ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေးအတွက် ဇွန်လ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၃ ရက်နေ့အထိ ၅ ရက်ကြာလာရောက်တာဖြစ်ပြီး ဒါဟာ သူ့ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာပြည်ခရီးစဉ်လည်းဖြစ်ပါတယ်။
အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းဟာ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် ကလည်း မြန်မာနိုင်ငံကို ပထမအကြိမ် လာရောက်ခဲ့ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော်ရေး၊ လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီကိစ္စတွေ ဆွေးနွေးခဲ့ပေမဲ့ ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး။